မြန်မာနိုင်ငံမှ စာအုပ်ချစ်သူများက ဒစ်ဂျစ်တယ်ခေတ်တွင်ပင် စာအုပ်များကို နှစ်သက်မြတ်နိုးစွာ ဖတ်ရှုလျက်ရှိ

Xinhua, March 4, 2025
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသူတစ်ဦးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒစ်ဂျစ်တယ်ခေတ်ထွန်းကားလာသည့်တိုင်အောင် မြန်မာနိုင်ငံရှိ စာအုပ်ချစ်သူများက စာအုပ်များကို နှစ်သက်မြတ်နိုးစွာ ဆက်လက်ဖတ်ရှုနေကြခြင်းကြောင့် စာအုပ်ဆိုင်များအနေဖြင့် ရှင်သန်ရပ်တည်နိုင်ကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်များကို စွဲစွဲမြဲမြဲ ဖတ်ရှုကြခြင်းက စာအုပ်ဆိုင်များ၏ ရပ်တည်မှုကို ခိုင်မာစေရုံသာမက မျက်မှောက်ခေတ်တွင်လည်း ဆက်လက်ရှင်သန်ခွင့်ပေးခဲ့သည်ဟု စိုးပိုင်စာအုပ်ဆိုင် ပိုင်ရှင် အသက် ၃၅ နှစ်အရွယ် ကိုသက်စိုးပိုင်က ဆိုသည်။
ဒစ်ဂျစ်တယ်အသွင် လျင်မြန်စွာကူးပြောင်းနေသော်ငြားလည်း မြန်မာနိုင်ငံတစ်ဝန်းရှိ စာအုပ်ဆိုင်များအနေဖြင့် စာအုပ်များကို ကိုယ်တိုင်ကိုယ်ကျကိုင်တွယ်ဖတ်ရှုခြင်းကို နှစ်သက်သော စာအုပ်ချစ်သူများ အခိုင်အမာရှိနေခြင်းကြောင့် ဇွဲကောင်းကောင်းဖြင့် ဆက်လက်ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ကိုသက်စိုးပိုင်က ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး မိသားစုပိုင်လုပ်ငန်းဖြစ်သော စိုးပိုင်စာအုပ်ဆိုင်သည် လုပ်ငန်းရပ်တည်နေသည်မှာ သက်တမ်း ၂၈ နှစ်ရှိပြီဖြစ်သလို ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်နိုင်ရန် ဆက်လက်ကြိုးပမ်းရပ်တည်လျက်ရှိသည်။
“ဒီနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ စာအုပ်ရောင်းတဲ့သူတွေက စာဖတ်သူတွေအများကြီးဆီကို ရောက်ရှိဖို့ ဆိုရှယ်မီဒီယာကို အသုံးပြုလာရသလို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို အကျိုးရှိရှိအသုံးချရတယ်။ တချို့စာဖတ်သူတွေဆိုရင် ကျွန်တော်တို့တင်ထားတဲ့ ပို့စ် (post) ကနေတစ်ဆင့် စာအုပ်ကို ဆိုင်မှာလာရှာပြီး ဝယ်သွားကြတာလည်းရှိတယ်” ဟု ကိုသက်စိုးပိုင်က ပြောခဲ့သည်။
စာအုပ်အရောင်းအဝယ်များ အခိုက်အတန့်မျှ ကျဆင်းသွားသော်လည်းပဲ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်များဖြင့် ကိုယ်တိုင်ကိုယ်ကျဖတ်ရှုလိုသော စာအုပ်ချစ်သူအများအပြား ရှိနေဆဲဖြစ်သောကြောင့် စာအုပ်ဆိုင်များမှာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
စာအုပ်ဆိုင်သို့ မကြာခဏသွားရောက်ကာ စာအုပ်ဝယ်လေ့ရှိသူ အသက် ၂၂ နှစ်အရွယ် မအာသာဝတီခင်မြတ်ဖုန်းက ပုံနှိပ်ထုတ်ဝေထားသောစာအုပ်များအပေါ် ၎င်း၏ နှစ်သက်မြတ်နိုးမှုကို ယခုလို မျှဝေခဲ့သည်။ “ကျွန်မက စာအုပ်ကို ကိုင်ပြီးဖတ်ရတာရော အွန်လိုင်းပေါ်ကနေ e-book ဖတ်ရတာကိုရော ကြိုက်တယ်။ တစ်လမှာ နှစ်ခေါက်လောက်တော့ စာအုပ်ဆိုင်တွေဆီ ပုံမှန်သွားဖြစ်တယ်”
“စာအုပ်အများစုကတော့ အွန်လိုင်းကနေ ရနေပါပြီ။ ဒါပေမဲ့ ကျွန်မကတော့ စာအုပ်ကို ကိုယ်တိုင်လက်နဲ့ကိုင်ပြီး ဖတ်ရတာကို ပိုသဘောကျနေတုန်းပဲ။ ခံစားမှုချင်းက မတူဘူးလေ” ဟု ၎င်းက ဆိုသည်။
နောက်ထပ် စာအုပ်ချစ်သူတစ်ဦးဖြစ်သော အသက် ၂၈ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်ကလည်း စာအုပ်ဆိုင်တွင် စာအုပ်ဝယ်ယူလျက် အထက်ပါအတိုင်း အလားတူခံစားချက်ရှိပုံကို ပြောပြခဲ့သည်။ “စာအုပ်တွေကို အွန်လိုင်းကနေလည်း ကျွန်တော်ဖတ်လို့ရနေပေမဲ့လည်း စာအုပ်ကိုင်ပြီးဖတ်ရတဲ့ ခံစားမှုမျိုးကို သဘောကျတယ်။ ဒါကြောင့် မကြာခဏ စာအုပ်ဆိုင်တွေရောက်ဖြစ်နေတာပါ”
“ကျွန်တော့်အတွက် အသိပညာဗဟုသုတတွေ ကျယ်ပြန့်နိုင်တဲ့အတွက် စာဖတ်ရတာနဲ့ စာအုပ်ရွေးချယ်ရတာတွေကို သဘောကျတယ်။ e-book ဆီမှာ မရနိုင်တာမျိုးတွေက ဒီလိုစာအုပ်တွေမှာရှိတယ်။ စာမျက်နှာလေးတွေကို လှန်ပြီးဖတ်ရတဲ့ အရသာ၊ စက္ကူအနံ့လေးတွေပေါ့။ ပြီးတော့ စာရေးသူရဲ့ စိတ်ခံစားမှုရသပိုင်းလေးတွေက စာအုပ်နဲ့ဖတ်မှပိုပြီးအနှစ်သာရရှိတာ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဦးမြင့်ထွန်းက စာပေလုပ်ငန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုအချို့ကိုလည်း ရှင်းပြခဲ့သည်။ “စာအုပ်ဈေးနှုန်းကြီးမြင့်လာတာ၊ မငြိမ်းချမ်းတဲ့နယ်မြေတွေ အပါအဝင် အခြေအနေအမျိုးမျိုးကြောင့် စာအုပ်ဝယ်ယူသူဦး‌ရေ နည်းပါးလာပါတယ်” ဟု ဦးမြင့်ထွန်းက ပြောခဲ့သည်။
စာအုပ်ဖြန့်ဖြူးမှုအပိုင်းအနေဖြင့် ကိုဗစ်ရောဂါကာလမတိုင်မီနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ လက်ရှိတွင် လစဉ် စာအုပ်အမျိုးအစား ၂၀၀ ခန့် ထွက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် ၎င်းက “စာအုပ်ပြပွဲတွေ၊ စာဖတ်ဝိုင်းတွေနဲ့ စာအုပ်ဈေးတန်းလေးတွေ လုပ်ပေးလာနိုင်ရင်တော့ စာဖတ်ရှုမှု ပိုတိုးတက်လာနိုင်ပြီးတော့ ပညာရေးပိုင်းကိုလည်း ပိုပြီး ပံ့ပိုး‌ပေးနိုင်ပါမယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အသင်းအဖွဲ့အသီးသီးနဲ့ လက်တွဲပြီး ကျောင်းစာကြည့်တိုက်တွေနဲ့ ပုဂ္ဂလိကစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အာရုံစိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စာအုပ်များရော အွန်လိုင်းပေါ်၌ ဒစ်ဂျစ်တယ်စနစ်ဖြင့်ဖတ်ရှုမှုပုံစံများကိုပါ လက်ခံလာကြပြီဖြစ်သလို စာအုပ်များကို စွဲစွဲမြဲမြဲ ဖတ်ရှုကြခြင်းကလည်း နိုင်ငံ၏ စာဖတ်ခြင်းယဉ်ကျေးမှု၏ နှစ်သက်မြတ်နိုးဖွယ်ကဏ္ဍတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေမည်ပင်ဖြစ်ပေသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်တစ်ဆိုင်ရှိ စာအုပ်စင်များပေါ်တွင် စာအုပ်များ ခင်းကျင်းထားသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)