မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်အစားအစာချက်ပြုတ်ခြင်းသင်တန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်ထုတ် The Global New Light of Myanmar သတင်းစာအရ သိရသည်။
အဆိုပါ သင်တန်းကို ဖွင့်လှစ်ရခြင်းမှာ တရုတ်ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် တရုတ်အစားအစာချက်ပြုတ် ပြင်ဆင်ရောင်းချလိုသူများအတွက် ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ဖေဖော်ဝါရီ ၁၉ ရက်၌ ပြုလုပ်သော သင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
မြို့ကြီးများရှိ တရုတ်စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းအားဖြင့် တရုတ်ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာတွင် အထောက်အကူပြုကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဝန်ဆောင်မှုလုပ်ငန်းများ မြင့်မားလာစေရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။
ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည့် အဆိုပါ သင်တန်းကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် ဖူချင့် နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)