လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စံချိန်အကဲဖြတ်မှု စွမ်းရည်မြှင့်တင်ရေးစီမံကိန်း ဖလှယ်မှုနှင့် လေ့လာရေးအစီအစဉ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်က ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ အစိုးရအရာရှိများ၊ နည်းပညာကဏ္ဍ အဓိကတာဝန်ရှိသူများ စုစုပေါင်း ၁၅ ဦးသည် လန်ချန်း-မဲခေါင်စီမံကိန်း “နိုင်ငံအဆင့် အရည်အသွေးအခြေခံအဆောက်အအုံနှင့် ထုတ်ကုန်များ၊ လုပ်ငန်းစဉ်များနှင့် တိုင်းပြည်ကို အကျိုးပြုရေး အသိအမှတ်ပြုအဖွဲ့ အကောင်အထည်ဖော်ဆောင်ရေးသင်တန်း” သင်တန်းသားအဖြစ် ရွေးချယ်ခံခဲ့ရသူများ ဖြစ်ပြီး နည်းပညာဖလှယ်မှုနှင့် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ကြသည်။ အဆိုပါအစီအစဉ်သည် ဒေသတွင်း အရည်အသွေးမီ အခြေခံအဆောက်အအုံများ အပြန်အလှန် ချိတ်ဆက်မှုကို တွန်းအားပေးရန်နှင့် သက်ဆိုင်ရာနိုင်ငံများအကြား စံချိန်အကဲဖြတ်ခြင်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။
၈ ရက်ကြာကာလအတွင်း နှီးနှောဖလှယ်မှုနှင့် လေ့လာရေးအစီအစဉ်များတွင် သင်တန်းသားများသည် တရုတ်နိုင်ငံ၏ စံချိန်အကဲဖြတ်စနစ်၊ လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်ရာ နည်းပညာဆိုင်ရာ စံနှုန်းများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန်၊ ထုတ်ကုန်အရည်အသွေး မြှင့်တင်ရေး၊ ကုန်သွယ်မှု လွယ်ကူအဆင်ပြေမှု မြှင့်တင်ရေး စသည်တို့တွင် စံချိန်အကဲဖြတ်သည့် လက်တွေ့အတွေ့အကြုံကို စနစ်တကျ လေ့လာရန် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကွမ်တုန်းပြည်နယ်ရှိ မြို့ ၃ မြို့မှ လုပ်ငန်းဌာနနှင့် လုပ်ငန်းပေါင်း ၉ ခုသို့ သွားရောက်လေ့လာကြမည် ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သင်တန်းသားများသည် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ၏ စံချိန်အကဲဖြတ် စွမ်းရည်ကို မြှင့်တင်ရေး စသည့်ခေါင်းစဉ်များကို အဓိကထား၍ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူပညာရှင်များ၊ လုပ်ငန်းကိုယ်စားလှယ်များနှင့် လက်တွေ့ကျသော ဖလှယ်မှုများ ပြုလုပ်မည်ဖြစ်ပြီး လန်ချန်း-မဲခေါင်ဒေသ စံချိန်အကဲဖြတ်မှုနယ်ပယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အတူတကွ ပူးပေါင်းလေ့လာကြမည်ဖြစ်သည်။
ယင်းစီမံကိန်းသည် "မြန်မာနိုင်ငံတွင် လက်တွေ့သင်ကြားခြင်း + တရုတ်နိုင်ငံသို့ ကွင်းဆင်းလေ့လာခြင်း + ဆွေးနွေးဖလှယ်ခြင်း"၏ ဘက်စုံပုံစံဖြင့် သက်ဆိုင်ရာနိုင်ငံများအကြားတွင် စံချိန်အကဲဖြတ်သည့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး ဒေသတွင်း အရည်အသွေးရှိ အခြေခံအဆောက်အအုံများ၏ အပြန်အလှန်ချိတ်ဆက်မှုကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်ရန် တွန်းအားသစ်လောင်းပေးမည် ဖြစ်ကြောင်း သိရသည်။