မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဝန်ထမ်းများအတွက် တရုတ်ဘာသာစကားပြော သင်တန်းဆင်းပွဲ ကျင်းပ

Xinhua, February 27, 2025
Size:

မြန်မာနိုင်ငံ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာ‌ရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့သော တရုတ်ဘာသာစကားပြောသင်တန်းဆင်းပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်း (HSK Level 2) သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာ‌ရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
အဆိုပါ သင်တန်းသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် နိုင်ငံခြား ဘာသာစကားစွမ်းရည်များ မြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုသင်တန်းများသည် ဝန်ထမ်းများအတွက် သုံးလကြာဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း ဗီဇာဖြင့် အများဆုံးလာရောက်လည်ပတ်ခဲ့သည့် ပြည်ပခရီးသွား ဧည့်သည်ရောက်ရှိမှုစာရင်းတွင် တရုတ်ခရီးသွားဧည့်သည် ရောက်ရှိမှုက ထိပ်ဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ တရုတ်ခရီးသွားဈေးကွက်သည် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍအတွက် အလားအလာရှိသော ခရီးသွားဈေးကွက်ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ပြောခဲ့သည်။
ထို့ကြောင့် သင်တန်းသား ဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သော ဘာသာစကားများ၊ ဘာသာရပ်များကို အသုံးပြုကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ယင်းအခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးရှိ ဖူကျင့် နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းမှ တာဝန်ရှိသူက တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းနှင့် သင်တန်းများထပ်မံဖွင့်လှစ်မည့် အစီအစဉ်များကို ပြောကြားခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)