မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက နှစ်စဉ် ထမနဲထိုးပြိုင်ပွဲကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အသင်း ၃၂ သင်းက စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ထမနဲထိုးပြိုင်ပွဲကျင်းပခဲ့သည်မှာ ၁၇ ကြိမ်မြောက် ရှိလာခဲ့ပြီး ယင်းပြိုင်ပွဲက မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေး အမွေအနှစ်ကိုလည်း မီးမောင်းထိုးဖော်ပြခြင်းလည်း ဖြစ်သည်။ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာတစ်ခုဖြစ်သော ထမနဲထိုးရန်ပြင်ဆင်မှုက လူအများကို အတူတကွ ဆောင်ရွက်မှုကိုလည်း ဖော်ဆောင်ပေးလျက်ရှိသည်။
ပွဲတော်၏ အထင်ကရစားသောက်ဖွယ်ရာဖြစ်သော ထမနဲကို ကောက်ညှင်းဆန်၊ နှမ်း၊ မြေပဲ၊ အုန်းသီးနှင့် ချင်းတို့ဖြင့် ရောနယ်ကာထိုးရခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ အဖွဲ့ဝင် ဦးလှမြင့်က မြန်မာ့ရိုးရာများကို ထိန်းသိမ်းခြင်း၏ အရေးပါပုံကိုလည်း အခုလိုပြောပြခဲ့သည်။
“ဒီပြိုင်ပွဲက ဘာသာ သာသနာ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ပြည်တွင်းရော၊ ပြည်ပ ဧည့်သည်တွေကိုလည်း သိရှိစေချင်သလို စည်စည်ကားကား၊ သပ်သပ်ရပ်ရပ်နဲ့ မြင်တွေ့စေချင်ပါတယ်။ ဒီပွဲတော်က စည်းစည်းလုံးလုံး၊ သိုက်သိုက်မြိုက်မြိုက်၊ အဆင့်အတန်းရှိရှိနဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေကို ဖော်ပြတာလည်း ဖြစ်ပါတယ်”
အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများသည် နောက်ခံအခြေအနေအကြောင်းအမျိုးမျိုးရှိပြီး ၎င်းတို့၏ စွမ်းရည်ကို ပြသရန် စိတ်အားထက်သန်လျက်ရှိသည်။
လုပ်ငန်းမြို့ပြအသင်းမှ ပါဝင်ယှဉ်ပြိုင်သူတစ်ဦးဖြစ်သော အသက် ၅၀ နှစ်အရွယ် ဦးအောင်ကျော်ဦးက “ကျွန်တော် ဒီလိုပွဲမှာ ပါဝင်ဖြစ်တာ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့အသင်းမှာ အဖွဲ့ဝင် ခြောက်ယောက်ရှိတယ်။ ထမနဲထိုးတာကတော့ အချိန် မိနစ်လေးဆယ်လောက်တော့ရှိတယ်။ အခက်အခဲတွေရှိခဲ့ပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ထမနဲထိုးတဲ့အခါမှာ အသင်းအဖွဲ့လုပ်ဆောင်မှုနဲ့ စည်းလုံးမှုက အဓိကပဲ” ဟု ၎င်း၏အတွေ့အကြုံကို မျှဝေခဲ့သည်။
အမျိုးသမီးပြိုင်ပွဲဝင်များအတွက်မူ ယခု ၁၇ ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့်အဖွဲ့များအနက် အမျိုးသမီးများဖြင့် သီးသန့်ဖွဲ့စည်းထားသည့် တစ်ဖွဲ့တည်းသော အမျိုးသမီးအဖွဲ့ ရွှေသစ္စာအသင်းမှ အဖွဲ့ဝင် အသက် ၄၅ နှစ်အရွယ် ဒေါ်ပြုံးပြုံးဌေးက “ကျွန်မတို့အမျိုးသမီးအဖွဲ့က ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ထမနဲထိုးပြိုင်ပွဲဝင်ကြတာ ပထမဦးဆုံးပဲ။ ခွန်အားတွေအများကြီးသုံးရတဲ့အတွက် ကျွန်မတို့အတွက် အခက်ခဲဆုံးအပိုင်းကတော့ ထမနဲမွှေထိုးရတာပါပဲ။ ဒါပေမဲ့ ကျွန်မတို့ အကောင်းဆုံးပြိုင်ပွဲဝင်ခဲ့ပါတယ်” ဟု စိတ်လှုပ်ရှားလျက်ပြောပြခဲ့ပြီး လာမည့်နှစ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ထပ်မံစီစဉ်ထားသည်ဟု ဆိုသည်။
ပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် ၎င်းတို့အဖွဲ့သည် ပြိုင်ပွဲနေ့မတိုင်မီ အစမ်းလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေါ်ပြုံးပြုံးဌေးက ပြောပြခဲ့သည်။
ထမနဲထိုးခြင်းသည် အသေးစိတ်ကျ၍ လူအင်အားအများအပြားသုံးရသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကောက်ညှင်းဆန်ကို နာရီများစွာကြာ ရေစိမ်ထားရသလို တစ်ဆက်တည်းမှာပင် အခြားပါဝင်ပစ္စည်းများကိုလည်း ပြင်ဆင်ထားရသည်။ ချင်းကို အနံ့မွှေးလာသည်အထိ ဆီဖြင့်ကြော်ပြီးနောက် ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ထည့်ကာ ထမနဲထိုးရခြင်းဖြစ်သည်။
ထိုသို့ရောနှောထားသော ကောက်ညှင်း စေးကပ်လာသည့်တိုင်အောင် ရေထည့်ကာ အဆက်မပြတ်မွှေရသည်။ မှန်ကန်သည့်အနေအထား ရရှိလာပါက လှော်ထားသော နှမ်းများ၊ လှီးထားသောအုန်းသီးလေးများကို ရောထည့်လိုက်ခြင်းဖြင့် ပျော့ပျော့အိအိ၊ ခပ်ဆိမ့်ဆိမ့်ဖြင့် အရသာရှိလှသော ထမနဲစားဖွယ်ရာကို ရရှိလာပြီဖြစ်ပါသည်။
ထမနဲထိုးပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်အသင်းများက သစ်သားယောက်မကြီးများဖြင့် ခွန်အားသုံးလျက် စုပေါင်းညီညာစွာ ထမနဲထိုးကြခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများ၏ သန့်ရှင်းသပ်ရပ်မှု၊ ပါဝင်ပစ္စည်းများ၊ ထမနဲအနေအထားနှင့် အရသာတို့ကို ဒိုင်များက အကဲဖြတ်ကာ အမှတ်ပေးကြခြင်းဖြစ်သည်။ ပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုများလည်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အသင်းအဖွဲ့လိုက် ဆောင်ရွက်ခြင်းနှင့် ရိုးရာအစဉ်အလာ ထိန်းသိမ်းသည့် စစ်မှန်သော စိတ်ဓာတ်ကသာ လွှမ်းမိုးလျက်ရှိသည်ဟု ပြိုင်ပွဲဝင်များက ဆိုသည်။
ပြိုင်ပွဲကျင်းပခြင်းနှင့်အတူ ထမနဲထိုးပြိုင်ပွဲသည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို အားမာန်အပြည့် ဖော်ကျူးပြသလျက်ရှိသည်။ ပြိုင်ပွဲကျင်းပစဉ် ရိုးရာတေးဂီတနှင့် ကပြဖျော်ဖြေတင်ဆက်မှုများကိုလည်း ထည့်သွင်း ကျင်းပခဲ့သည်။
အောင်ပြည့်စုံ တေးဂီတဖျော်ဖြေရေးအဖွဲ့မှ အသက် ၂၇ နှစ်အရွယ် ကိုသော်ဇင်ထွန်းက “ကျွန်တော်တို့ ပွဲတော်မှာ စိတ်ဓာတ်ခွန်အား တက်ကြွစေတဲ့ သီချင်းတွေတီးခတ်ပြီးတော့ ကပြဖျော်ဖြေခဲ့ပါတယ်” ဟု ၎င်းတို့အဖွဲ့ဝင် ၉ ဦးနှင့်အတူ ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြခဲ့သည်။
ထို့ပြင် ထမနဲထိုးပြိုင်ပွဲသည် ခရီးသွားဧည့်သည်များစွာကိုလည်း ဆွဲဆောင်ခဲ့သည်။ အသက် ၇၀ နှစ်အရွယ် ဦးသောင်းအေးကလည်း ဇနီးသည်နှင့်အတူ ထမနဲထိုးပြိုင်ပွဲဝင်နေသည့် သမီးဖြစ်သူကို လာရောက်အားပေးခဲ့သည်။
“ရန်ကုန်မှာကျင်းပတဲ့ ထမနဲထိုးပွဲတော်ကို လာကြည့်ဖြစ်တာ ပထမဆုံးပါပဲ။ ကျွန်တော်က နှစ်တိုင်းတော့ ထမနဲထိုးလည်းထိုးတယ်။ စားလည်းစားဖြစ်တယ်။ မြန်မာ့ရိုးရာအစဉ်အလာကို ဆက်လက်ထိန်းသိမ်းတာ မြင်တွေ့ရတာ တော်တော်ပျော်ဖို့ကောင်းတယ်” ဟု ၎င်းက ဆိုသည်။
ထမနဲပွဲတော်က ကလေးငယ်များကိုလည်း အလားတူစိတ်လှုပ်ရှားမှုများ ခံစားရစေသည်။ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှ အဒေါ်ဖြစ်သူနှင့် လာရောက်ကြည့်ရှုသော အသက် ၁၁ နှစ်အရွယ် မနန်းယိင်းမိုဟွမ်က “ထမနဲပွဲကို ဒီနှစ် ပထမဆုံး လာကြည့်ဖြစ်တာပါ။ လူတွေအများကြီးတွေ့ရတာ၊ ဧည့်ခံဖျော်ဖြေတာတွေကိုရော ကြည့်ရတာ အရမ်းပျော်တယ်။ ထမနဲကိုလည်း အရမ်းကြိုက်တယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့မှ လာရောက်သော အသက် ၅၂ နှစ်အရွယ် ဒေါ်သန်းစုက “အရင်ကတော့ ထမနဲထိုးဖူးပါတယ်။ ဒါပေမဲ့ အခုလိုလူအများကြီး ယှဉ်ပြိုင်တာကို ကြည့်ရတာ ပိုထူးဆန်းတယ်။ အတွေ့အကြုံသစ်တစ်မျိုးပါပဲ” ဟု ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
ရွှေတိဂုံစေတီတော်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပသည့် ထမနဲပြိုင်ပွဲမှ ရရှိလာသော ထမနဲများကို သံဃာတော်များအား ကပ်လှူခဲ့သလို လာရောက်အားပေးသူများကိုလည်း ကျွေးမွေးခဲ့ကာ ပွဲတော်၏ စေတနာကောင်းမွန်စွာ ရက်ရောမှုနှင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ရောင်ပြန်ဟပ်ဖော်ပြခဲ့သည်။
မြန်မာ့ရိုးရာထမနဲပွဲတော် အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းတွင်ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ထမနဲထိုးပြိုင်ပွဲများစွာ ကျင်းပခဲ့ကာ ရရှိလာသော ထမနဲများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် သံဃာတော်များအား ကပ်လှူခဲ့သလို အများပြည်သူများကိုလည်း ဝေငှခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူအများစုဖြစ်ပြီး ရိုးရာအစဉ်အလာ အလှူဒါနရက်ရောမှုကြောင့်လည်း လူသိများလှပေသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပွဲတော်တစ်ခုဖြစ်သည့် ရိုးရာထမနဲပွဲတော်ကို ဖေဖော်ဝါရီလဝန်းကျင် သို့မဟုတ် မြန်မာပြက္ခဒိန်၏ ၁၁ လမြောက်ဖြစ်သော တပို့တွဲလပြည့်နေ့အနီးဝန်းကျင်၌ ကျင်းပလေ့ရှိသည်။
ယခုနှစ် တပို့တွဲလပြည့်နေ့သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခြင်းဖြစ်သည်။ (Xinhua)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)