မြန်မာနိုင်ငံတစ်ဝန်း၌ နည်းပညာ ဆက်လက်တွင်ကျယ်လာသည်နှင့်အမျှ ဉာဏ်ရည်တုနည်းပညာ (AI) က ပြည်သူများ၏ နေ့စဉ် စိန်ခေါ်မှုများကို ဖြေရှင်းခြင်း၊ အတတ်ပညာကျွမ်းကျင်မှု အသစ်များကို လေ့လာသင်ယူခြင်းနှင့် ကုန်ထုတ်စွမ်းအား တိုးမြှင့်ခြင်းတို့တွင် အထောက်အကူပြုလျက်ရှိသည်။
အထူးသဖြင့် ချက်ဘော့ထ် (chatbot) ကဲ့သို့ ဉာဏ်ရည်တုနည်းပညာသုံး tool များက နည်းပညာ အသွင်ကူးပြောင်းမှု၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ကာ လက်တွေ့ကျသော ဖြေရှင်းနည်းများကို ပေးစွမ်းလျက် အလွှာအသီးသီးမှ သုံးစွဲသူများကို ဆွဲဆောင်လျက်ရှိသည်။
မြင်သာထင်သာရှိသော တိုးတက်မှုတစ်ခုအနေဖြင့် မကြာသေးမီက မိတ်ဆက်ခဲ့သည့် DeepSeek R1 မော်ဒယ်မှာ ယင်း၏ ခေတ်ရှေ့ပြေးသော တိုးတက်မှုများကြောင့် တစ်ကမ္ဘာလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သလို မြန်မာဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် နားလည်မှုကြောင့်လည်း မြန်မာနိုင်ငံမှ သုံးစွဲသူများ၏ ချီးကျူးမှုကို ရရှိခဲ့သည်။
DeepSeek R1 အား စတင်ဖြန့်ချိခဲ့ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလျက်ရှိပြီး အကြောင်းအရာ ဖန်တီးသူများနှင့် ဆိုရှယ်မီဒီယာ သုံးစွဲသူများကလည်း ၎င်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ အပြုသဘော တုံ့ပြန်မှုများကို မျှဝေခဲ့ကြသည်။ အဆိုပါ ချက်ဘော့ထ်က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုမှုများကို ပေါ်ပေါက်စေခဲ့ကာ ဉာဏ်ရည်တုနည်းပညာအပေါ် စိတ်ဝင်စားသူများကိုသာမက သုံးစွဲသူအသစ်များကိုလည်း ဆွဲဆောင်လျက်ရှိသည်။
DeepSeek အား နှစ်သက်သဘောကျသူများအနက် ရန်ကုန်မြို့မှ အသက် ၃၁ နှစ်အရွယ် အိုင်တီပညာရှင် ကိုအောင်အောင်လည်း အပါအဝင်ဖြစ်ပြီး ၎င်းက DeepSeek ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ချီးကျူးပြောဆိုခဲ့သည်။ “DeepSeek ရဲ့ မြန်မာဘာသာစကားနဲ့ တုံ့ပြန်ပုံက တခြား ဉာဏ်ရည်တုနည်းပညာသုံး ချက်ဘော့ထ်တွေနဲ့စာရင် ပိုကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။
AI နည်းပညာက ၎င်း၏အလုပ်အား မည်သို့မည်ပုံ အသွင်ပြောင်းလဲပေးခဲ့ပုံကို ယင်းအား ပုံမှန်အသုံးပြုသူ တစ်ဦးဖြစ်သည့် ကိုအောင်အောင်က ပြောပြခဲ့သည်။ “AI က ကျွန်တော့်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ အရင်ကဆိုရင် နည်းပညာပိုင်း အခက်အခဲတွေကို ဖြေရှင်းဖို့ စာအရှည်ကြီးတွေ ဖတ်ရသလို YouTube ဗီဒီယိုအရှည်ကြီးတွေလည်း ကြည့်ရတယ်။ အခုတော့ AI ကိုမေးပြီး ကိုယ့်ဘာသာ စမ်းလုပ်ကြည့်ရုံပဲလေ။ အဲဒါက တော်တော်လေး အထောက်အကူဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
နယ်ပယ်အသီးသီးမှ အခြားသော ပညာရှင်များနည်းတူ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးဖြစ်သူ မချယ်ရီဆွေအေးကလည်း AI နည်းပညာမှာ အရေးပါသော အသုံးပြုစရာတစ်ခု ဖြစ်သည်ကို တွေ့ရှိခဲ့သည်။ AI chatbot များက ၎င်း၏အလုပ်အား မည်ကဲ့သို့ အထောက်အကူ ပြုနေသည်ကိုလည်း ၎င်းက အလေးအနက်ပြောပြခဲ့သည်။ “ကျွန်မက AI ကိုသုံးပြီး PowerPoint presentation တွေ ဖန်တီးတယ်။ ဂရပ်တွေဆွဲတယ်။ ပြီးတော့ ကျွန်မကို အလုပ်အပ်တဲ့သူတွေရဲ့ မွေးမြူရေးခြံတွေမှာ တိရစ္ဆာန်တွေကို အစာကျွေးတဲ့ အချိုးအစားရယ်၊ ကုန်ကျစရိတ်ရယ်ကို တွက်ချက်ပါတယ်” ဟု ၎င်းက ပြောပြခဲ့သည်။
အထူးသဖြင့် မြန်မာဘာသာစကားနှင့် ပတ်သက်၍ DeepSeek ၏ တုံ့ပြန်ပုံများက ၎င်း အသုံးပြုဖူးသည့် အခြား AI chatbots များထက် ပိုမိုကောင်းမွန်ပြီး ပိုမိုသဘာဝကျသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အလားတူပင် အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်သူ မစန္ဒာချိုအတွက်လည်း AI နည်းပညာက မရှိမဖြစ်လိုအပ်သော သင်ကြားရေး အထောက်အကူပြုပစ္စည်းတစ်မျိုး ဖြစ်လာခဲ့သည်။ “ကျွန်မနားမလည်တဲ့ အကြောင်းအရာတစ်ခုခုရှိရင် AI ကို အားကိုးရတယ်လေ။ အဲဒါက ကိုယ်မသိတာတွေကို ပြောပြပေးတဲ့ ဆရာတစ်ယောက် အနားမှာ အချိန်ပြည့်ရှိနေသလိုပါပဲ” ဟု ၎င်းက ပြောကြားခဲ့ကာ ယင်းသည် assignment ရေးသားရာတွင် အကြံဉာဏ်များပေးသလို စာလေ့လာရာတွင်လည်း ပိုမိုလွယ်ကူစေသည်ဟု ဆက်လက်ပြောကြားခဲ့သည်။
သုတေသနပညာရှင် တစ်ဦးဖြစ်သည့် မအေးမာဝေအဖို့ AI chatbot များက အကြံဉာဏ်ကောင်းများပေးသလို ဖန်တီးနိုင်စွမ်းကိုလည်း မြှင့်တင်ပေးလျက်ရှိသည်။ “AI က ကျွန်မရဲ့ သုတေသန လုပ်ဆောင်မှုအတွက် အထောက်အကူပေးပါတယ်။ အဲဒါက မယုံနိုင်လောက်အောင် အကျိုးပြုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သော်လည်း AI က ဖြေကြားပေးသော အကြောင်းအရာများကို မျက်စိစုံမှိတ်၍ မယုံသင့်ဟု ၎င်းက သတိပေးခဲ့သည်။ “တစ်ခါတစ်လေမှာ AI က အမှန်တကယ်လို့ ထင်သွားနိုင်တဲ့ သတင်းအချက်အလက် အမှားတွေ ပေးတတ်တော့ သူ့ရဲ့တုံ့ပြန်မှုတွေကို မှန်မမှန်စစ်ဆေးဖို့ အရေးကြီးပါတယ်” ဟု ၎င်းက သတိပေးခဲ့သည်။
AI နည်းပညာက ဘာသာပြန်ဆိုသူများအတွက်လည်း အရေးပါလျက်ရှိသည်။ အသက် ၃၂ နှစ်အရွယ် ဘာသာပြန်တစ်ဦးဖြစ်သည့် ကိုရဲနောင်က ၎င်း၏ အင်္ဂလိပ်ဘာသာပြန်ဆိုမှုများ ပိုမိုကောင်းမွန်စေရန် AI ကို အသုံးပြုလျက်ရှိသည်။ “ကျွန်တော် မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုတဲ့အခါ AI က စာလုံးပေါင်းမှန်မမှန် စစ်ပေးသလို သဒ္ဒါမှန်ကန်အောင်လည်း ချက်ချင်း တည်းဖြတ်ပြင်ဆင်ပေးနိုင်တယ်။ အဲဒါက စာပြင်ကျွမ်းကျင်တစ်ယောက်ကို အချိန်ပြည့်ရထားသလိုပါပဲ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ Strategy First International College တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ချစ်ခင်က DeepSeek မှာ အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်သူများအတွက် ဘာသာစကား အခက်အခဲကို ကျော်လွှားစေနိုင်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။ “အင်္ဂလိပ်စာကို အသုံးမချနိုင်တဲ့သူတွေကတော့ AI နဲ့ပတ်သက်ရင် နောက်ကောက်ကျသွားပြီလို့ ကျွန်တော် အရင်က စနောက်ခဲ့ဖူးတယ်ဗျ။ အခုတော့ သူတို့ DeepSeek မှာ မြန်မာဘာသာနဲ့ AI သုံးလို့ရသွားပြီလေ။ ပြီးတော့ အဲဒါက အခမဲ့လည်းသုံးရတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းငယ်များအတွက် AI ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍လည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ “စီးပွားရေးလုပ်ငန်းငယ်တွေအတွက် AI က ကျွမ်းကျင်တဲ့ အကြံပေးတစ်ယောက်ကို အခမဲ့ရထားသလိုပါပဲ။ အဲဒါက ဈေးကွက်မြှင့်တင်ရေး အစီအစဉ်တွေ ရေးဆွဲဖန်တီးပေးသလို လုပ်ငန်းလည်ပတ်တဲ့ ကုန်ကျစရိတ်ကိုလည်း ခန့်မှန်းတွက်ချက်ပေးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အသက် ၆၃ နှစ်အရွယ် အငြိမ်းစား အရာရှိတစ်ဦးဖြစ်သူ ဦးအောင်ထိန်မှာ အထူးသဖြင့် AI နည်းပညာအား ထဲထဲဝင်ဝင် ထိတွေ့အသုံးပြုနေဆဲဖြစ်သည်။ “AI က ကျွန်တော့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ သိပ်ကိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ အဲဒါက ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ သိနိုင်အောင် ကူညီပေးတဲ့ ကိုယ်ရေးအရာရှိတစ်ယောက် ရထားသလိုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
“AI က တကယ့်ကို နည်းလမ်းအမျိုးမျိုးနဲ့ အကူအညီပေးနေတဲ့ အဖော်အမွန်ပါပဲ” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် အသက်ကြီးပိုင်းများအနေဖြင့် AI အသုံးပြုရာ၌ အခက်အခဲရှိနေကြောင်း ၎င်းက ဝန်ခံပြောဆိုခဲ့သည်။ ထို့အတူ နေ့စဉ်ဘဝတွင် အခြေခံ ဒစ်ဂျစ်တယ်နည်းပညာအား နားလည်တတ်ကျွမ်း၍ အသုံးချနိုင်ရန် အရေးကြီးကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သော်လည်း ငွေကြေးပိုင်းအရ အကန့်အသတ်များက အသက်ကြီးပိုင်းအရွယ် အတော်များများအဖို့ အဆင့်မြင့် AI နည်းပညာများ အသုံးပြုနိုင်ရေးအတွက် ခက်ခဲစေသည်ဟု ၎င်းက ဆိုသည်။ AI နည်းပညာအား သုံးစွဲသူများ၏ သီးသန့်လိုအပ်ချက်များနှင့် ပိုမိုကိုက်ညီ၍ ဒေသန္တရ ဘာသာစကားများကို အထောက်အကူပြုကာ မျက်လုံးညောင်းညာမှု သက်သာစေပြီး အသုံးပြုရလွယ်ကူအောင် ဖန်တီးထားသင့်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သည်။
“ကျွန်တော် ရိုးရိုးရှင်းရှင်းလေးပဲ အကြံပေးချင်ပါတယ်။ နည်းပညာကို ရှောင်မပြေးကြပါနဲ့။ AI က လေ့လာသင်ယူမှု၊ တီထွင်ဖန်တီးမှုနဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်စေဖို့အတွက် အလွန်ကောင်းမွန်တဲ့ အသုံးချစရာတစ်ခု ဖြစ်နိုင်ပါတယ်။ အသေးအဖွဲကနေ စတင်ပါ။ သူ့ရဲ့စွမ်းဆောင်ရည်တွေကို လေ့လာပြီး အခြေခံ ဒစ်ဂျစ်တယ်နည်းပညာကို လက်ခံသင်ယူပါ။ အတတ်ပညာသစ် တစ်မျိုးကို သင်ယူတယ်ဆိုတာ ဘယ်တော့မှ အချိန်မနှောင်းပါဘူး” ဟု ၎င်းက ဆိုသည်။ (Xinhua)