၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ဟားအယ်ပင်းမြို့၌ ကျင်းပ

Xinhua, February 18, 2025
Size:

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်ကို ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းတွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ ပိတ်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် တက်ရောက်ခဲ့သည်။

လွန်ခဲ့သည့် ၈ ရက်တာအချိန်အတွင်း အာရှတိုက်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၃၄ ခုမှ အားကစားသမားပေါင်း ၁၂၀၀ ကျော်သည် ဟားအယ်ပင်းတွင် မိမိကိုယ်ကို ကျော်လွှားကာ စွမ်းရည်များဖော်ပြ၍ အိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့်အပြင် ချစ်ကြည်ရေး သံယောဇဉ်များလည်း ရရှိခဲ့ကြသည်။ ထို့ပြင် သာလွန်ကောင်းမွန်သော ယှဉ်ပြိုင်မှုအဆင့်နှင့် မလျှော့သောဇွဲနပဲ၊ ကြိုးပမ်းမှုဖြင့် အာရှတိုက် ရေခဲဆီးနှင်းအားကစား ထွန်းပြောင်မှုအသစ်ကို ရေးသားခဲ့ကြသည်။ တရုတ်နိုင်ငံသည် “အစိမ်းရောင်ဖြစ်သော၊ အတူမျှဝေသော၊ တံခါးဖွင့်လှစ်သော၊ ရိုးသားစင်ကြယ်သော” ပြိုင်ပွဲကျင်းပသည့် အယူအဆကို အရင်းခံကာ ထိပ်တန်းခန်းမအဆောက်အအုံများ၊ ထူးချွန်သော စီစဉ်ဝန်ဆောင်မှုများဖြင့် အာရှအိုလံပစ်ကောင်စီ မိသားစုနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခြင်းကို ခံခဲ့ရပေသည်။ အဆိုပါ အားကစားပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က ရွှေတံဆိပ်ဆု ၃၂ ဆုနှင့် စုစုပေါင်း ဆုတံဆိပ် ၈၅ ဆု ရရှိခဲ့ကာ ရွှေတံဆိပ်ရရှိမှုစာရင်းနှင့် စုစုပေါင်းဆုတံဆိပ်ရရှိမှုစာရင်းတွင် အများဆုံးနေရာ၌ ရပ်တည်လျက်ရှိသည်။

“Light Up Asia” သီချင်းသံစဉ်များကြားတွင် ဝန်ကြီးချုပ် လီချန်သည် အာရှ အိုလံပစ် ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဟော့ကျိန့်ထိန် (Timothy Fok) တို့နှင့်အတူ သဘာပတိစင်မြင့်ထက်သို့ တက်ရောက်လာပြီး ပရိသတ်များအား လက်ပြနှုတ်ဆက်ခဲ့သည်။ ည ၈ နာရီတိတိတွင် ပိတ်ပွဲအခမ်းအနား စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ တရုတ် အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ကောင်းကျစ်သန်းနှင့် အာရှ အိုလံပစ် ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဟော့ကျိန့်ထိန် (Timothy Fok) တို့က အသီးသီး အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟော့ကျိန့်ထိန် (Timothy Fok) က ဟားအယ်ပင်း ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့ပြီး နောက် ၄ နှစ်အကြာ ဆော်ဒီအာရေဗျနိုင်ငံ၏ အနာဂတ်မြို့သစ် (NEOM) တွင် ကျင်းပမည့် ၁၀ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ၌ ပြန်လည်ဆုံစည်းကြရန် ဖိတ်ခေါ်ခဲ့သည်။
ပိတ်ပွဲအခမ်းအနားသို့ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene၊ ကွတ်ကျွန်းစု ဝန်ကြီးချုပ် Mark Brown နှင့် ဇနီး Daphne Brown စသည့် နိုင်ငံတကာဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ဝူကျိန့်လုန်၊ ချန်ရီချင်၊ အာရှ အိုလံပစ် ကောင်စီ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ကျင်းပသော ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

1  2  3  4  5  >