"တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့သည် အနာဂတ်ကို မျက်နှာမူ၊ ပြည်သူကို ဗဟိုပြု၍ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အားဖြည့်ဆောင်ရွက်ခြင်း၊ ပိုမို တည်ငြိမ်သာယာဝပြောသော၊ ရေရှည်တည်တံ့သော တရုတ်-ထိုင်း အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးခြင်းဆိုင်ရာပူးတွဲကြေညာချက်"ကို ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများအောက်တွင် လုံးဝဥဿုံ လက်မခံခြင်း ဟူသော ပြတ်သားသည့်သဘောထားဖြင့် လူကုန်ကူးမှု၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးခဝါချမှု စသည့် နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု တိုက်ဖျက်ရေးကို အားဖြည့်ကာ မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်မှုလုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် အလေးထားဖော်ပြခဲ့သည်။
အွန်လိုင်း လောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုများ ထိရောက်စွာ တိုက်ဖျက်ရေးအတွက် သင့်လျော်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ရပ် အမြန်ဆုံး ထူထောင်နိုင်ရန်အတွက် နှစ်ဖက်စလုံးက တစ်ဆင့်တိုး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ “လန်ချန်း-မဲခေါင် လုံခြုံရေး ဆောင်ရွက်မှုလုပ်ငန်း”တွင် တက်ကြွစွာ ပါဝင်ကာ လန်ချန်း-မဲခေါင် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ မြှင့်တင်ပြီး ဒေသတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်း နှစ်ဖက်အနေဖြင့် သဘောတူညီခဲ့ကြသည်။