မြန်မာနိုင်ငံက နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း ၁၁ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

Xinhua, February 14, 2025
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ခေါင်မိုးများပေါ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားများအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လက်ရှိ တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၁၁ ခုရှိပြီး စုစုပေါင်း တပ်ဆင်အင်အား ၁,၀၂၆ မဂ္ဂါဝပ် ရှိကြောင်း ဖေဖော်ဝါရီ ၂ ရက် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြခဲ့သည်။တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် လေးခု၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးခု၊ ပဲခူးတိုင်းဒေသကြီးတွင်တစ်ခု၊ ရှမ်းပြည်နယ်တွင်တစ်ခု စုစုပေါင်း တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်အား ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် တစ်ခုနှင့် မကွေးတိုင်းဒေသကြီးတွင်တစ်ခု စုစုပေါင်းတပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ် ရှိကြောင်း သိရသည်။

တိုးပွားလာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအား မြှင့်တင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်သည် ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တိုးတက်မြင့်မားရေးနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာခြင်းဖြင့် အခြေခံအဆောက်အဦလိုအပ်ချက်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂) ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်စေရေး ရည်မှန်းထားကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၈ ရုံ စုစုပေါင်း တပ်ဆင်အင်အား ၆,၃၇၁ မဂ္ဂါဝပ် ရှိကြောင်း သိရသည်။ (Xinhua)