မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးအား အခိုင်အမာ အားပေးကူညီမှုများအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏ ခေါင်းဆောင်က ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်အခမ်းအနားသို့ တက်ရောက်စဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အပါအဝင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ အခြေစိုက် ပြည်ပရောက်တရုတ်လူမျိုးများနှင့် တရုတ်နိုင်ငံသားများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်းဖွံ့ဖြိုး တိုးတက်စေရန် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) စီမံကိန်းများကို အကောင်အထည်ဖော်နေသည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာ၏ ထာဝရမိတ်ဆွေဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေးအတွက် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia က နွေဦးပွဲတော်အား တရားဝင်ရုံးပိတ်ရက်အဖြစ် မြန်မာအစိုးရက သတ်မှတ်ခြင်းသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအား အလေးထားခြင်းကို ပြသခြင်း ဖြစ်သကဲ့သို့ တရုတ်နိုင်ငံသားများနှင့် ပြည်ပရောက် တရုတ်လူမျိုးများ၏ ပံ့ပိုးမှုများအား အသိအမှတ်ပြုခြင်းကို ပြသခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နှင့် မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးက ပိုမိုအသီးအပွင့် ဖြစ်ထွန်းလာမည် ဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုက တိုးတက်မှုအသစ် ဖြစ်ပေါ်စေမည် ဖြစ်ကာ နှစ်နိုင်ငံ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ပိုမိုရရှိစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။