မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် အထိမ်းအမှတ် အခမ်းအနားပွဲကို တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နှစ်သစ်ကူးအခမ်းအနားများတွင် တရုတ်ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်များ ခင်းကျင်းပြသခြင်းများက မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ် မြှင့်တင်ရေးအတွက်လည်း အတုယူဖွယ်ကောင်းကြောင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောကြားခဲ့သည်။
လက်ရေးလှ၊ ပန်းချီ၊ ကြွေထည်၊ တရုတ်ဗျပ်စောင်းတင်ဆက်မှုနှင့် ဆေးရောင်ခြယ်ယပ်တောင် (lacquer fan) စသည့် ယဉ်ကျေးမှုဆိုင်ရာ အငွေ့အသက်များ ပါဝင်သည့် ခင်းကျင်းပြသမှုများက ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုကို မြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ၎င်းက ရှင်းပြခဲ့သည်။
“ဒီတရုတ်နှစ်သစ်ကူး အခမ်းအနားပွဲမှာ ကျွန်မတို့ တရုတ်ရိုးရာအစားအသောက်တွေကို မြည်းစမ်းခွင့်ရတယ်။ ပြီးတော့ လက်မှုပစ္စည်းလေးတွေကို ကိုယ်တိုင်လုပ်ကိုင်ခွင့်ရရှိခဲ့တယ်။ ဒီလိုမျိုးလက်တွေ့လုပ်ဆောင်ခြင်းက ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုတွေ၊ ချစ်ကြည်ရင်းနှီးမှုတွေကို ခိုင်မြဲစေပြီး ကျွန်မတို့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်” ဟု ဒေါ်စန္ဒာခင်က ဆိုသည်။
ဒေါ်စန္ဒာခင်က ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ယွန်းထည်၊ ရိုးရာယက်ကန်း၊ လက်မှုပညာနှင့် မြန်မာရိုးရာစားသောက်ဖွယ်ရာအမျိုးမျိုး စသည့် ပေါကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များကို မြှင့်တင်နိုင်ကြောင်း ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
“(တရုတ်နိုင်ငံရဲ့) ယဉ်ကျေးမှုအမွေအနှစ်တွေခင်းကျင်းပြသသလိုပဲ ကျွန်မတို့အနေနဲ့လည်း ကိုယ့်ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို သေသေချာချာလေး ပြသပြီး မြှင့်တင်နိုင်ပါတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒေါ်စန္ဒာခင်က ဖြည့်စွက်ပြောခဲ့သည်။
ယခုနှစ် တရုတ်နှစ်သစ်ကူးအခမ်းအနားပွဲများသည် နွေဦးပွဲတော်အား ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌ ထည့်သွင်းခြင်းခံခဲ့ရပြီးနောက် ပထမဆုံးကျင်းပခြင်းဖြစ်သည်။
ထို့ပြင် ဒေါ်စန္ဒာခင်က မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်နှင့် တရုတ်နိုင်ငံ၏ နှစ်သစ်ကူးနွေဦးပွဲတော်တို့ ယူနက်စကိုစာရင်းတွင် ထည့်သွင်းခံရခြင်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်။ “နှစ်နိုင်ငံက တူညီတဲ့ယဉ်ကျေးမှုအမွေအနှစ် အသိအမှတ်ပြုမှုတွေရှိတယ်။ အရမ်းလည်းဝမ်းသာစရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုလည်းဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်အား ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရာတွင် ၎င်းအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဒေါ်စန္ဒာခင်က ဆိုသည်။
ဒေါ်စန္ဒာခင်က တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ ရောက်ရှိခဲ့ဖူးခြင်းကိုလည်း ပြန်ပြောင်းအမှတ်ရလျက် ၎င်းအနေဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ချိန်က တရုတ်နိုင်ငံသို့ အကြိမ် ၃၀ ကျော် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာခွင့်ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံက ယဉ်ကျေးမှု ကြွယ်ဝသောနိုင်ငံဖြစ်ကြောင်းနှင့် ပြည်နယ်တစ်ခုချင်းစီတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုများရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
နှစ်နိုင်ငံကြား ရှေးယခင်ကတည်းက ယဉ်ကျေးမှုဖလှယ်ခြင်းများရှိခဲ့ပြီး ဆန်ကိုစားသုံးခြင်း၊ ဆင်တူသော တူရိယာများအသုံးပြုတီးခတ်ခြင်း စသည့် တူညီသောယဉ်ကျေးမှုများစွာ ရှိကြောင်း ၎င်းက ရှင်းပြခဲ့သည်။ “အိမ်နီးချင်းတွေဖြစ်လို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက အခြေခံကျတဲ့ ယဉ်ကျေးမှုလေးတွေ အများကြီး ရှိတာကို တွေ့ရပါတယ်” ဟု ဒေါ်စန္ဒာခင်က ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အဖွဲ့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ပူးပေါင်းလျက် မြန်မာအနုပညာရှင်များ၊ ဂီတပညာရှင်များ၊ ယဉ်ကျေးမှုအကပညာရှင်များ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ဘာသာရေးဆိုင်ရာခေါင်းဆောင်များကို တရုတ်နိုင်ငံတွင် ပြုလုပ်သော အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ဒေါ်စန္ဒာခင်က ပြောပြခဲ့သည်။
ဒေါ်စန္ဒာခင်က ဆက်၍ “ဒီလို ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေက ကျွန်မတို့နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန်နားလည်မှုတွေကို ပိုပြီးခိုင်မာအားကောင်းစေမှာဖြစ်သလို နှစ်နိုင်ငံအတွက် ပိုမိုကြီးမားတဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယဉ်ကျေးမှုဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းဖြစ်စေ သို့မဟုတ် နိုင်ငံတစ်နိုင်ငံအတွင်းဖြစ်စေ မွေးဖွားသောအချိန်မှစ၍ သေဆုံးချိန်အထိ၊ ဘာသာစကား၊ ဝတ်စာဆင်ယင်မှု၊ အနုပညာရပ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဗဟုသုတ၊ စွမ်းရည်များ၊ ဗိသုကာပညာရပ်၊ အနုသုခုမများနှင့် အတွေးအခေါ် နည်းလမ်းများ စသည့် အရာအားလုံး အကျုံးဝင်ပါဝင်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
“ယဉ်ကျေးမှုဆိုတာကတော့ လူမှုအဖွဲ့အစည်းအတွင်း နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝ အပါအဝင် နယ်ပယ်အားလုံးမှာ လွှမ်းခြုံတာကြောင့် ယဉ်ကျေးမှုကို နက်နက်နဲနဲသိပြီး ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတွေအားလုံး တိုးတက်မှုတွေရမယ်လို့ မြင်ပါတယ်” ဟု ဒေါ်စန္ဒာခင်က ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။ (Xinhua)