မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော နွေဦးပွဲတော်အခမ်းအနားများတွင် စိတ်လှုပ်ရှားဖွယ် တင်ဆက်မှုများက ပျော်ရွှင်မှုကိုပျံ့နှံ့စေ

Xinhua, February 10, 2025
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အခမ်းအနား မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ပြတွင် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် အခမ်းအနားများ ကျင်းပလျက်ရှိသလို တရုတ်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် စည်းချက်ကျလှသော ဒရမ်သံများနှင့် အားမာန်ပြည့်ဝသော ခြင်္သေ့အကနှင့် နဂါးအကများက ပရိသတ်များ၏ အာရုံကို ဆွဲဆောင်ဖမ်းစားလျက်ရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အင်းလျားလိတ်ဟိုတယ်တွင် ကြီးမှူးကျင်းပသော အခမ်းအနား၊ သုဝဏ္ဏအားကစားရုံက အခမ်းအနားများ၊ တရုတ်တန်း၊ Times City အပါအဝင် ဈေးဝယ်စင်တာကြီးများ၌ ပြုလုပ်သော ဈေးပွဲတော်များတွင် နာမည်ကျော် ခြင်္သေ့အကနှင့် နဂါးအကအဖွဲ့များက အားမာန်ပြည့်တက်ကြွသော တင်ဆက်မှုများဖြင့် ပွဲတော်အငွေ့အသက်ပျော်ရွှင်မှုများကို ဆောင်ကြဉ်းပေးခဲ့သည်။
ခြင်္သေ့အကနဲ့ နဂါးအက ကပြသူအများစုက မြန်မာလူမျိုးတွေဖြစ်ပြီး မြန်မာနိုင်ငံတွင် အဆိုပါ ယဉ်ကျေးမှုနှင့် အနုပညာပုံစံကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ လက်ခံသည်ကို ဖော်ပြလျက်ရှိကြောင်း အကသမားများက ပြောခဲ့သည်။
အသက် ၂၈ နှစ်အရွယ် ကိုဉာဏ်လင်းထက်က ကလေးဘဝအရွယ်ကတည်းက ခြင်္သေ့ နဂါးအကများနှင့် ပတ်သက်၍ စိတ်အားထက်သန်မှုရှိခဲ့သည်ဟု ဆိုသည်။ “ကျွန်တော်ကလေးဘဝကတည်းက ခြင်္သေ့၊ နဂါးအကတွေရဲ့ ဒရမ်သံတွေကြားတဲ့အခါတိုင်း ကျွန်တော်ဘာမှတော့မလုပ်တတ်ပေမဲ့ ကပွဲကြည့်ဖို့ ပြေးထွက်သွားခဲ့တာ” ဟု ၎င်းက ဆိုသည်။
၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်ကတည်းက ခြင်္သေ့၊ နဂါးအကများတွင် ပါဝင်ကပြခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၅ ရက်က သုဝဏ္ဏအားကစားရုံတွင် တရုတ်နှစ်သစ်ကူးအခမ်းအနားများ၌ ပါဝင်ခဲ့သည့် အတွေ့အကြုံကို ပြန်လည်အမှတ်ရလျက် “ခြင်္သေ့အက ကသူတစ်ဦးအနေနဲ့ အကြီးမားဆုံးစိန်ခေါ်မှုအပိုင်းကတော့တိုင်တွေပေါ်မှာ ကရတာပါပဲ။ ကတဲ့သူနှစ်ယောက်က တိုင်ပင်မကိုက်ဘူးဆိုရင် အောက်ပြုတ်ကျတာတွေ၊ ဒဏ်ရာရတာတွေ တစ်ခါတလေ အသက်သေဆုံးတာတွေတောင် ရှိတတ်တယ်” ဟု ကိုဉာဏ်လင်းထက်က ပြောခဲ့သည်။
ထိုကဲ့သို့ အန္တရာယ်ရှိလင့်ကစား အဆိုပါ အနုပညာအပေါ်စိတ်နှစ်မြှုပ်ကာ ဆက်လက်ပါဝင်နေဆဲဖြစ်သည်ဟု ကိုဉာဏ်လင်းထက်က ဆိုသည်။ “ကျွန်တော်တို့ ဝါသနာပါတဲ့အတွက် လေ့ကျင့်ကြတယ်။ ကကြတယ်” ဟု ၎င်းက ပြောပြခဲ့သည်။
Bai Hu နဂါးအကနှင့် ခြင်္သေ့အကအဖွဲ့ ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ကိုသန့်ဇင်ဦးက ယခုလို ကပြခဲ့သည်မှာ ၂၅ နှစ်ကျော်ရှိပြီဟု ဆိုသည်။ ၎င်းသည် ယခုအခါ ခြင်္သေ့နှင့် နဂါးအက နည်းပြတစ်ဦး ဖြစ်လာပြီဖြစ်သည်။ “ခြင်္သေ့နဲ့ နဂါးအကတွေက ညတွင်းချင်းလေ့ကျင့်လို့ရတဲ့ စွမ်းရည်မျိုးမဟုတ်ဘူး။ နှစ်ပေါင်းများစွာ စိတ်ဝင်တစားနဲ့ လေ့ကျင့်ပြီးတော့မှ တတ်မြောက်တာမျိုးပါ” ဟု ၎င်းက ဆိုသည်။
“နဂါးဆိုတာက တရုတ်ယဉ်ကျေးမှုရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ကြွယ်ဝမှုနဲ့ ကံကောင်းမှုကို ကိုယ်စားပြုပါတယ်။ ခြင်္သေ့နဲ့ နဂါးအကတွေက တရုတ်နှစ်သစ်ကူး၊ ဆောင်းဦးလယ်ပွဲတော်နဲ့ နဂါးလှေလှော်ပွဲတော်တွေလိုမျိုး အခမ်းအနားပွဲတွေရဲ့ အဓိကအရေးပါတဲ့အစိတ်အပိုင်းပါပဲ” ဟု ကိုသန့်ဇင်ဦးက ပြောခဲ့သည်။
အဆိုပါ အကများသည် အားကစားအဖြစ်သာမက လူမျိုးနှင့် ဘာသာပေါင်းစုံမှ ပြည်သူများ ပါဝင်ကပြနိုင်သော တင်ဆက်ဖျော်ဖြေမှုလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
နည်းပြတစ်ဦးလည်းဖြစ်သော ကိုသန့်ဇင်ဦးက အဆိုပါ ယဉ်ကျေးမှုအမွေအနှစ်ကို ငယ်ရွယ်သောမျိုးဆက်များထံ လက်ဆင့်ကမ်းပေးလျက်ရှိသော ၎င်း၏အခန်းကဏ္ဍကိုလည်း အလေးထားပြောပြခဲ့သည်။ “ကျွန်တော်တို့ အမွေဆက်ခံထားတဲ့ ဒီရိုးရာဓလေ့တွေကို ကျွန်တော်တန်ဖိုးထားပြီး လူငယ်တွေအနေနဲ့ ဒါကို မြတ်မြတ်နိုးနိုးနဲ့ ဆက်လက် လက်ဆင့်ကမ်းနိုင်ဖို့လည်း ကျွန်‌တော်လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ “ကျွန်တော်တို့ရဲ့ ပရိသတ်အများဆုံးကတော့ ကလေးတွေပါပဲ။ ကျွန်တော်တို့ခြင်္သေ့တွေကိုကြည့်ပြီး သူတို့ အမြဲပျော်နေကြတာ” ဟု ကိုသန့်ဇင်ဦးက ပြုံးလျက်ပြောပြခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ကိုစည်သူအတွက်မူ ယခုနှစ် နွေဦးပွဲတော်သည် ခြင်္သေ့အက ကပြသူအဖြစ် ၎င်း၏ခရီးတွင် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။ “အခမ်းအနားပွဲကြီးမှာ ပထမဆုံး ကျွန်‌တော်ပါဝင်ကပြခဲ့ရတာပါပဲ” ဟု သုဝဏ္ဏအားကစားရုံတွင် ပါဝင်ခဲ့ခြင်းကို ရည်ညွှန်းလျက် ကိုစည်သူက ပြောပြခဲ့သည်။
အဆိုပါ အခမ်းအနားအတွက် အချိန်သုံးလကြာ စိတ်အားထက်သန်စွာ လေ့ကျင့်ပြင်ဆင်ခဲ့ရသည်ဟု ကိုစည်သူက ဆိုသည်။ “ကျွန်တော့်ရဲ့ စွမ်းရည်တွေကို မြှင့်တင်ပြီးတော့ နောက်ပိုင်းမှာ ပြိုင်ပွဲတွေလည်း ဝင်ပြိုင်သွားချင်ပါတယ်” ဟု ၎င်း၏ ရည်မှန်းချက်ကို ကိုစည်သူက ပြောပြခဲ့သည်။
Ever Shine ခြင်္သေ့အကအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သော အသက် ၂၃ နှစ်အရွယ် ကိုထွန်းအောင်ပိုင်ကလည်း ၎င်း၏ စိတ်အားထက်သန်မှုမှာ နဂါးအကသမားတစ်ဦးဖြစ်လာရန်ဟု ဆိုသည်။ “ကျွန်တော်စိတ်ဝင်စားလွန်းလို့ ဒီအကအဖွဲ့မှာ ပါဝင်ဖြစ်ခဲ့တာပါ” ဟု ကိုထွန်းအောင်ပိုင်က လေ့ကျင့်စဉ်အတွင်း လက်ဒဏ်ရာရခဲ့ချိန်ကို ပြန်လည်အမှတ်ရလျက် ပြောပြခဲ့သည်။
စိန်ခေါ်မှုများ ရှိခဲ့သော်ငြားလည်း ၎င်းအနေဖြင့် ကပြဖျော်ဖြေရသည့်အခါ ဝမ်းမြောက်ပျော်ရွှင်မှုကို တွေ့ရှိခံစားရကြောင်း၊ ပရိသတ်များ၏ ပျော်ရွှင်မှုက အားလုံးကြိုးစားရကြိုးနပ်ကြောင်း ကိုထွန်းအောင်ပိုင်က ပြောပြခဲ့သည်။
ကပြဖျော်ဖြေသူများ၏ တင်ဆက်မှုများက ပရိသတ်များ၏ အာရုံကိုဖမ်းစားထားခဲ့သည်။
ရန်ကုန်မြို့ တရုတ်တန်းတွင် ပြုလုပ်သော အခမ်းအနားများကို တက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးဖြစ်သော အသက် ၅၂ နှစ်အရွယ် ဒေါ်မိုးမိုးက “ခြင်္သေ့အကတွေက အာရုံကို ဖမ်းစားထားနိုင်တယ်။ ကျွန်မမြေးလေးက အကသမားတွေ ကပြတာကို အမြဲတက်တက်ကြွကြွနဲ့ကို လိုက်ကြည့်တာ။ ဒါက ဖျော်ဖြေမှုပဲမဟုတ်ဘူး။ ကျွန်မတို့အတွက် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။
အလားတူပင် အငြိမ်းစားကျောင်းဆရာနှင့် တရုတ်ရိုးရာယဉ်ကျေးမှုများကို နှစ်ပေါင်းများစွာ နှစ်သက်မြတ်နိုးလာခဲ့သူ အသက် ၆၅ နှစ်အရွယ် ဦးကျော်ဝင်းက “ဒီလိုမျိုး ကပြသူတွေရဲ့ တိတိကျကျ၊ အားအင်ပြည့်နဲ့ ပူးပေါင်းဆောင်ရွက်ကြတာဟာ မယုံနိုင်စရာပါပဲ။ အဲဒီလိုအကတွေကို ကြည့်ရတာက မြန်မာနိုင်ငံမှာတောင် တရုတ်ယဉ်ကျေးမှုစိတ်ဓာတ်တွေ သက်ဝင်လှုပ်ရှားမှုရှိနေပါတယ်” ဟု ၎င်း၏ အမြင်ကိုပြောကြားခဲ့သည်။ (Xinhua)

1  2  3  4  5  >