မြန်မာနိုင်ငံရှိ Bowen တရုတ်စာသင်ကျောင်းက ဇန်နဝါရီ ၂၅ ရက်၌ ရွှင်မြူးတက်ကြွဖွယ် ယဉ်ကျေးမှု အခမ်းအနား ကျင်းပခြင်းနှင့်အတူ နွေဦးပွဲတော်၏ အနှစ်သာရကို သက်ဝင်လှုပ်ရှားစေခဲ့ကာ ထိုအခမ်းအနား၌ ကျောင်းသား၊ကျောင်းသူ ၁,၀၀၀ ခန့်က တရုတ်ရိုးရာ တေးသီချင်းများနှင့် မြန်မာတေးသီချင်းများ၊ အကဖြင့် ဖျော်ဖြေတင်ဆက်မှုများအပြင် ကဗျာရွတ်ဆိုမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနား၌ Bowen တရုတ်စာသင်ကျောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားမှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့်အလျောက် ကလေးငယ်များအနေဖြင့် ယဉ်ကျေးမှု နှစ်ရပ်လုံး၏ ခမ်းနားဝင့်ထည်မှုကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်မည်ဖြစ်ကြောင်း Bowen တရုတ်စာသင်ကျောင်း၏ ကျောင်းအုပ်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ယခုဆိုလျှင် သုံးနှစ်မြောက် ကျင်းပခြင်းဖြစ်သည့် အဆိုပါ နွေဦးပွဲတော် အထိမ်းအမှတ်အခမ်းအနား၌ မြန်မာကျောင်းသားများ ပါဝင်ဆင်နွှဲမှု ပိုမိုများပြားလာခဲ့ရာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်နိုင်ငံလုံးမှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များကို အပြန်အလှန် လေ့လာသိရှိနိုင်စေရန် ထူးခြားကောင်းမွန်သော ပလက်ဖောင်းတစ်ခုပင် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုအခမ်းအနားတွင် ပါဝင်ခဲ့သည့် ကလေးငယ်များမှာလည်း ပျော်ရွှင်ကျေနပ်မှုများ၊ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက်ရှိသည်။ Bowen တရုတ်စာသင်ကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သည့် အသက် ၁၅ နှစ်အရွယ် မအိအိခိုင်က “ဒီအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ရတာက သိပ်ကိုပျော်စရာကောင်းပါတယ်။ ဒီအခမ်းအနားက ကျွန်မရဲ့ ယဉ်ကျေးမှုဓလေ့၊ ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ ပိုပြီးရင်းနှီးသွားအောင် လုပ်ပေးခဲ့တယ်လို့ ခံစားမိပါတယ်” ဟု ဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ မူလတန်းကျောင်းမှ အသက် ၁၁ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သည့် မမှူးသစ်သခင်ကလည်း ဖျော်ဖြေတင်ဆက်မှုအတွက် ၎င်း၏ စိတ်လှုပ်ရှားမှုများကို ပြန်လည်မျှဝေခဲ့သည်။ “စတိတ်စင်ပေါ်မှာ သမီးရဲ့ အကစွမ်းရည်တွေကို ပြသဖို့ ဒီကိုလာခဲ့တာပါ။ သမီး ပျော်လည်းပျော်တယ်၊ စိတ်တွေလည်းလှုပ်ရှားနေတယ်။ သမီးဘေးမှာ သူငယ်ချင်းတွေ ရှိနေတော့ စိတ်ဖိစီးမှုတွေ သက်သာသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ကိုစောကျော်လွင်ထူးကလည်း မြန်မာ့ရိုးရာ ရုပ်သေးပညာကို ထိန်းသိမ်းခြင်း၏ အရေးပါပုံကို အလေးအနက် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ရုပ်သေးရုပ်တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရိုးရာရုပ်သေးပညာက တိမ်ကောနေပြီမို့ ဒီအခမ်းအနားက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဓလေ့ကို ပရိသတ်များစွာရဲ့ရှေ့မှောက်မှာ ချပြနိုင်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ လူငယ်တော်တော်များများက စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဆင်နွှဲနေတာကို မြင်ရတော့ ကျွန်တော် အရမ်းပျော်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကလေးမိဘများ၊ ဆရာ၊ဆရာမများကလည်း ၎င်းတို့၏ စိတ်လှုပ်ရှားမှု ခံစားချက်များကို မျှဝေခဲ့ပြီး ကလေးငယ်များ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ဂုဏ်ယူကြောင်း ပြောကြားခဲ့ကြသည်။ “လူငယ်မျိုးဆက်သစ်တွေက ကျွန်မတို့ရဲ့ ရိုးရာဓလေ့တွေ မပျောက်ပျက်အောင် ဂီတ၊ အကတွေနဲ့ လက်ဆင့်ကမ်း ထိန်းသိမ်းနေတာကို မြင်ရတာ ကြည်နူးအားစရာပါပဲ။ ဒီလို အခမ်းအနားတွေက နွေဦးပွဲတော်ရဲ့ နောက်ခံအကြောင်းအရာတွေ၊ တန်ဖိုးတွေကို သင်ပြပေးပါတယ်” ဟု မိဘတစ်ဦးက ပြောကြားခဲ့သည်။