မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ၁၁၉ နှစ်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပလျက်ရှိ

Xinhua, February 5, 2025
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်သူများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ ၁၁၉ နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်ပွဲကို ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့သည်။
အချိန် ၃ ရက်ကြာ ကျင်းပမည့် အဆိုပါ အထိမ်းအမှတ်ပွဲကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ကျင်းပလျက်ရှိပြီး တိရစ္ဆာန်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တောရိုင်းတိရစ္ဆာန်များအကြောင်း ဗဟုသုတမျှဝေမှု ဓာတ်ပုံပြပွဲ၊ အကအဖွဲ့ ဖျော်ဖြေတင်ဆက်မှုများ၊ ကလေးများအတွက် ဂိမ်းအစီအစဉ်နှင့် ဈေးရောင်းပွဲ စသည်တို့ ထည့်သွင်းပြုလုပ်လျက်ရှိကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက ဆင်ဟွာကို ပြောခဲ့သည်။

ယခုနှစ်တွင် နေပြည်တော်မှ ခေါ်ဆောင်လာသော ပန်ဒါနီများ၏ အထူးဖျော်ဖြေတင်ဆက်မှုလည်း ထည့်သွင်း ကျင်းပလျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အနေနဲ့ လာရောက်လည်ပတ်သူတွေ အပန်းဖြေဖို့နေရာနဲ့ တောရိုင်းတိရစ္ဆာန်တွေအ‌ကြောင်း ပညာပေးတွေ လုပ်ပေးပြီး အနာဂတ်မျိုးဆက်တွေအတွက် ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိပါတယ်။ အခုဆိုရင် ၁၁၉ နှစ်ပြည့်မြောက်လာပါပြီ” ဟု ဦးသန်းမြင့်ထွန်းက ဆိုသည်။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်သူ အသက် ၃၇ နှစ်အရွယ် မလင်းလင်းက “တိရစ္ဆာန်ရုံ ၁၁၉ နှစ်ပြည့်ပွဲမှာ ပါဝင်ဖို့ ကျွန်မကလေးနှစ်ယောက်ကို ခေါ်လာတာ။ သူတို့လည်း တိရစ္ဆာန်လေးတွေကိုလည်း မြင်တွေ့ခွင့်ရတာပေါ့” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့သည်။
“တချို့တိရစ္ဆာန်တွေက ရှားပါးပြီး ကျွန်မတို့အနီးဝန်းကျင်မှာ တွေ့ဖို့မလွယ်ဘူးလေ။ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေ ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး တောရိုင်းတိရစ္ဆာန်တွေအကြောင်း ကလေးတွေကို ပညာပေးနိုင်တဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။
၁၉၀၆ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၌ လက်ရှိ နို့တိုက်သတ္တဝါများ၊ ငှက်များနှင့် တွားသွားတိရစ္ဆာန် အပါအဝင် မျိုးစိတ် ၃၅ ခုမှ တိရစ္ဆာန်အကောင်ရေ ၁,၄၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် ရွှေဝါရောင်ကြက်တူရွေးများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)