တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျိုကျင့်စုန်းသည် ဇန်နဝါရီ ၂၂ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Chatchai Viriyavejakul နှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်ညာမှု အတူတကွတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အလေးထား ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်သတင်းဖော်ပြချက်အရ သိရသည်။
လျိုကျင့်စုန်းက လတ်တလောကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ဆိုးရွားသော ဆက်သွယ်ရေးလိမ်ညာမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ စသည့် နိုင်ငံအသီးသီးမှပြည်သူများ၏ ကိုယ်ကျိုးစီးပွားကို ခြိမ်းခြောက်ထိခိုက်လာကြောင်း ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြစ်မှုကျူးလွန်မှုတွင် “ရာဇဝတ်ဂိုဏ်း + အဆင့်မြင့်သိပ္ပံနည်းပညာ + လုပ်ငန်းအသွင် + နယ်စပ်ဖြတ်ကျော်ခြင်း” ဟူသည့် ထူးခြားချက်များရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများ ဥပဒေပြင်ပရောက်ရှိခွင့် လုံးဝဥဿုံ မရှိစေရန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဘက်မှ များစွာအလေးထားပြီး အားကောင်းသော တိုက်ဖျက်ရေးအစီအမံများ လုပ်ဆောင်ကာ အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုအား ကာကွယ်စောင့်ရှောက်ရေးကို တာဝန်ယူလုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံကလည်း အာဆီယံနိုင်ငံများနှင့်အတူ နှစ်ဦးနှစ်ဖက်နှင့် နိုင်ငံစုံ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဖော်ဆောင်ပြီး နိုင်ငံအသီးသီးမှပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာရေးအတွက် လုံခြုံသောပတ်ဝန်းကျင် ဖန်တီးပေးကာ အနီးတစ်ဝိုက်နိုင်ငံများ ပုံမှန်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းတို့ အပါအဝင် သွားလာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သောစည်းစနစ်ကို ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ သံအမတ်ကြီးတို့ကလည်း တရုတ်နိုင်ငံ၏ ဂရုပြုမှုကို များစွာအလေးထားကြောင်း၊ သက်ဆိုင်ရာ ဆိုးရွားသောအမှုများအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ဆက်သွယ်ရေးလိမ်ညာမှုသည် အန္တရာယ်လွန်စွာဆိုးရွားသည်ဟု ယူဆကြောင်း၊ မိမိတို့နိုင်ငံအစိုးရ၏မူဝါဒမှာ ပြတ်သားစွာတိုက်ဖျက်ခြင်း၊ လက်ရှိဖြစ်ပွားနေမှုနှင့် အရင်းအမြစ်ကိုပါ တိုက်ဖျက်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း၊ ပိတ်မိနေသူများကို အစွမ်းကုန်ကယ်ဆယ်ကာ ပြစ်မှုကျူးလွန်သူ ရာဇဝတ်ဂိုဏ်းများကို တရားဥပဒေနှင့် ပြင်းထန်စွာပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်စီမံထိန်းချုပ်မှုနှင့် အဓိကဒေသအား စောင့်ကြည့်မှုများကို တိုးမြှင့်ကာ ရေရှည်ထိရောက်သော ယန္တရားထူထောင်ပြီး နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုတို့ပေါက်ဖွားရာနေရာကို အမြစ်ပြတ် တိုက်ဖျက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)