မြန်မာနိုင်ငံတွင် နွေဦးပွဲတော် အထိမ်းအမှတ်ဈေးပွဲတော်များတွင် တရုတ်ယဉ်ကျေးမှုကို လေ့လာခံစားနိုင်

Xinhua, January 26, 2025
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Times City တွင် တရုတ်နှစ်သစ်ကူး ဈေးရောင်းပွဲတော် ကျင်းပမှုမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်တန်းနှင့် ဈေးဝယ်စင်တာကြီးများတွင် အရောင်အသွေးတောက်ပလှသော အနီရောင် အဆင်တန်ဆာများဖြင့် အလှဆင်ယင်ထားသည်။
နှစ်သစ်ကူးကာလ နွေဦးပွဲတော် အထိမ်းအမှတ်ဈေးပွဲတော်များကို အဓိကဈေးဝယ်သူများပြား၍ အချက်အချာကျသော မြန်မာပလာဇာနှင့် Times City ကဲ့သို့သော ဈေးဝယ်စင်တာကြီးများတွင် ကျင်းပလျက်ရှိရာ ဈေးဝယ်ရန်နှင့် တရုတ်ယဉ်ကျေးမှုကို တွေ့ကြုံခံစားရန် စိတ်အားထက်သန်လှသည့် အလွှာအသီးသီးမှ လာရောက်လည်ပတ်သူများကို ဆွဲဆောင်လျက်ရှိသည်။
ထိုသို့လာရောက်သူများကြားတွင် Times City တွင် ကျင်းပသော နှစ်သစ်ကူး‌ဈေးပွဲတော်ကို မိသားစုနှင့် လာရောက်သော အသက် ၄၀ နှစ်အရွယ် ကိုရှမ်းလေးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ခြင်္သေ့အက ကပြဖျော်ဖြေမှုကို နှစ်သက်သော ကိုရှမ်းလေးက မူကြိုအရွယ် သားငယ်လေးအား လက်ဆွဲလျက် ခြင်္သေ့အက ကသူများနောက်သို့ လိုက်ပါကြည့်ရှုခဲ့သည်။
“ခြင်္သေ့အကတွေကြည့်ရတာပျော်တယ်။ ဒီလိုမျိုး အားလုံးစိတ်ညစ်နေကြတဲ့အချိန်မှာ ဒီလိုဖျော်ဖြေမှုလေးတွေ လုပ်ပေးတာက အားလုံးပျော်ရတာပေါ့” ဟု ကိုရှမ်းလေးက ဆိုသည်။
အဆိုပါ ဈေးပွဲတော်များတွင် အဝတ်အထည်များ၊ အိတ်များ၊ ဖိနပ်များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်များနှင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ စသည့် ကုန်ပစ္စည်းအများအပြားကို ခင်းကျင်းပြသထားသလို အချို့ကုန်ပစ္စည်းများကိုလည်း လျှော့ဈေးပေးထားကြောင်း သိရသည်။
Times City ဈေးပွဲတော်တွင် ပါဝင်ကပြလျက်ရှိသော ဖုန်းရီ ခြင်္သေ့နှင့် နဂါးအကအသင်း ခေါင်းဆောင် ကိုတူးတူးက “ကျွန်တော်တို့ ဒီမှာ နှစ်တိုင်းနီးပါး ခြင်္သေ့နဲ့ နဂါးအက ကပြဖျော်ဖြေဖြစ်ပါတယ်” ဟု ပြောခဲ့သည်။ ၎င်းတို့အသင်းအနေဖြင့် သက်တမ်း ၈ နှစ်ခန့်ရှိပြီဖြစ်ကာ ယခုနှစ်တွင်မူ အဖွဲ့ဝင် ၃၀ ‌ကျော်ဖြင့် ကပြဖျော်ဖြေလျက်ရှိသည်ဟု ဆိုသည်။
ယခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် တရုတ်နှစ်သစ်ကူးကို အများပြည်သူရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်လိုက်ခြင်းအတွက်လည်း ဝမ်းမြောက်မိကြောင်း၊ တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်လူမျိုးများအတွက် အရေးပါသောနေ့ဖြစ်ကြောင်း ကိုတူးတူးက ပြောခဲ့သည်။
ရန်ကုန်မြို့ရှိ တရုတ်တန်းတွင် အစည်ကားဆုံး တရုတ်နှစ်သစ်ကူး ဈေးပွဲတော်ကို မကျင်းပဖြစ်သည်မှာ နှစ်များစွာ ကြာမြင့်ပြီဖြစ်သည်။ ယခုနှစ်တွင်မူ တရုတ်နှစ်သစ်ကူး ဈေးပွဲတော်ကို ခြင်္သေ့နှင့် နဂါးအကများ၊ ဖျော်ဖြေရေးအစီအစဉ် အများအပြား၊ ကလေးကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ကူးရန်နေရာများ၊ ဈေးဆိုင်ခန်း အမြောက်အမြားတို့ဖြင့် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
တရုတ်တန်းရှိ ဈေးဆိုင်များတွင် မီးပုံးများ၊ အနီရောင်စာအိတ်များ၊ အီကွေ့ (Nian Gao) ၊ ဖက်ထုပ် စသည့် တရုတ်ရိုးရာစားသောက်ဖွယ်ရာများ၊ တရုတ်ရိုးရာဝတ်စုံများ၊ အမွှေးနံ့သာများ၊ ဝတ်ပြုဆုတောင်းရာပစ္စည်းများနှင့် နှစ်သစ်ကူးသကြားလုံးများ ရောင်းချလျက်ရှိသည်။
မြောက်ဒဂုံမြို့နယ်မှ လာရောက်ဈေးဝယ်သူ အသက် ၄၄ နှစ်အရွယ် ဒေါ်ငုဝါထွန်းကလည်း သမီးဖြစ်သူ မစင်ဒီ၏ စာသင်ကျောင်းမှ တရုတ်နှစ်သစ်ကူးအခမ်းအနားပွဲအတွက် တရုတ်ရိုးရာ ဟန့်ဖူဝတ်စုံဝယ်ယူရန် လာရောက်ခဲ့သည်။
“ကျွန်မသမီးအတွက် တရုတ်ရိုးရာဝတ်စုံ ဝယ်ဖို့ ဒီကိုလာတာပါ။ သမီးရဲ့ကျောင်းက တရုတ်နှစ်သစ်ကူးအခမ်းအနားပွဲတွေမှာ တရုတ်ရိုးရာဝတ်စုံတွေနဲ့ ဖျော်ဖြေတင်ဆက်ရတာ” ဟု ဒေါ်ငုဝါထွန်းက ပြောခဲ့သည်။
တရုတ်စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ပို့ကုန်သွင်းကုန်ကုမ္ပဏီ လုပ်ကိုင်သူ ဒေါ်ငုဝါထွန်းက ၎င်း၏ သမီးဖြစ်သူမှာ သူငယ်တန်းအရွယ်ကတည်းက တရုတ်ဘာသာစကားကို လေ့လာခဲ့ရာ ယခုအခါ တရုတ်ဘာသာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ခြင်းကို ကြိုဆိုကြောင်း ဒေါ်ငုဝါထွန်းက ဆိုသည်။
ဒေါ်ငုဝါထွန်း၏ သမီးဖြစ်သူ မစင်ဒီက “ကျောင်းက နှစ်သစ်ကူးအခမ်းအနားမှာ သီချင်းဆိုဖို့ရှိပါတယ်” ဟု ဆိုသည်။
“တရုတ်နှစ်သစ်ကူးနဲ့ပတ်သက်ရင် အကြိုက်ဆုံးအရာတွေကတော့ အနီရောင်ပါပဲ။ အဲဒါက တရုတ်ယဉ်ကျေးမှုမှာ သာယာဝပြောမှုဆိုတဲ့ သင်္ကေဆောင်တယ်လေ။ ပြီးတော့ မီးပုံးတွေနဲ့ ဟန့်ဖူဝတ်စုံတွေကိုလည်း ကြိုက်တယ်” ဟု ၎င်းက ပြောခဲ့သည်။
မစင်ဒီအနေဖြင့် စိတ်ချမ်းမြေ့ဖွယ်ကောင်းသော တရုတ်ရိုးရာသီချင်းများကို နှစ်သက်သည်ဟု ဆိုသည်။ “တရုတ်အစားအစာတွေထဲမှာတော့ ကြက်သားနဲ့လုပ်ထားတဲ့ ဖက်ထုပ်ကို ပိုကြိုက်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
တရုတ်ရိုးရာမြွေနှစ်ဖြစ်သော ၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးသည် ဇန်နဝါရီ ၂၉ ရက်တွင် ကျရောက်သည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Times City တွင် တရုတ်နှစ်သစ်ကူး ဈေးရောင်းပွဲတော် ကျင်းပမှုမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Times City တွင် တရုတ်နှစ်သစ်ကူး ဈေးရောင်းပွဲတော် ကျင်းပမှုမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Times City တွင် တရုတ်နှစ်သစ်ကူး ဈေးရောင်းပွဲတော် ကျင်းပမှုမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ လသာ (တရုတ်တန်း) တွင် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် အသုံးအဆောင် ပစ္စည်းများ ရောင်းချနေမှုမြင်ကွင်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)