၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ထိပ်တန်းသတင်း ၁၀ ခု

lmcchina.org, January 24, 2025
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ထိပ်တန်းသတင်း ၁၀ ခုကို ဇန်န၀ါရီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထုတ်ပြန်ခဲ့ပြီး လန်ချန်း-မဲခေါင်ခြောက်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ တောက်ပသောရလဒ်များ၊ ကြီးမားသောအလားအလာနှင့် တောက်ပသောအနာဂတ်များကို ပြသခဲ့သည်။

၁။ နိုင်ငံခြောက်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ပိုမို နက်ရှိုင်းလာ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ် သမ္မတ To Lin နှင့်  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်အစိုးရအကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌတို့သည် နိုဝင်ဘာ ၇ ရက်က ဒေသယန္တရားအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးကို ဝန်ကြီးချုပ် လီချန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရာ တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများသည် အေးအတူ ပူအမျှ မိသားစုအသိုက်အဝန်းတစ်ခု ဖြစ်ကြောင်း၊ ရှုပ်ထွေးသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအခြေအနေများကို ရင်ဆိုင်ရာတွင် ကဏ္ဍအသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းစေရန် နီးကပ်စွာ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ စီးပွားရေး အပြန်အလှန် ဖြည့်စွက်မှု အားသာချက်များကို အပြည့်အဝ လုပ်ဆောင်မည် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

၂။ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့

၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၄ ခုနှစ်‌ သြဂုတ်လ ၁၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ခေတ်မီအသွင်ပြောင်းရေးလမ်းကို အတူတကွ ချီတက်ရာတွင် တရုတ်နိုင်ငံသည် မဲခေါင်နိုင်ငံများနှင့်အတူ ဦးဆောင်ဦးရွက်ပြုရန် ဆန္ဒရှိကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ စံပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် (GDI) ရှေ့ပြေးဇုန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) စမ်းသပ်ဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI)ပထမဆုံး ပြည့်စုံသည့်ဇုန်များကို အရည်အသွေးမြင့် အတူတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းကို ရွက်ကျပင်ပေါက်သလို လက်တွေ့ထိရောက်မှု ရှိအောင် အကောင်အထည်ဖော်ရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားသည်။

၃။ တရုတ်-လာအို ရထားလမ်း ပေါက်သည့် ၃ နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှု အရှိန် မျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်သည် တရုတ်-လာအို မီးရထားလမ်းပေါက်၍ ပြေးဆွဲလည်ပတ်သည့် သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ၃ နှစ်ကြာကာလတွင် တရုတ်-လာအို မီးရထားသည် နယ်စပ်ဖြတ်ကျော်ခရီးသည် ခရီးစဉ် အကြိမ်ရေ ၄ သိန်းနီးပါးအပါအဝင် ခရီးသည် ခရီးစဉ် အကြိမ်ရေပေါင်း ၄၃ သန်းကျော်ကိုလည်းကောင်း၊ နယ်စပ်ဖြတ်ကျော်ကုန်စည်တန်ချိန် ၁၀ ဒသမ ၆ သန်းကျော်အပါအဝင် ကုန်စည်တန်ချိန် စုစုပေါင်း ၄၈ သန်းကျော် သယ်ယူပို့ဆောင်ခဲ့သည်။ တရုတ်-လာအို မီးရထားဖြင့် ပို့ဆောင်သည့် ကုန်စည်အမျိုးအစားများမှာ ၃၀၀၀ ကျော်အထိ တိုးချဲ့လာခဲ့ပြီး နယ်စပ် ကုန်စည်ပို့ဆောင်ရေးကွန်ရက်သည် တရုတ်နိုင်ငံရှိ ပြည်နယ် ၃၁ ခု(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် မြူနီစီပယ်မြို့များ)နှင့် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူတို့အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုကို လွှမ်းခြုံထားသလို ခရီးသည်အရင်းအမြစ်သည် နိုင်ငံနှင့် ဒေသပေါင်း ၁၀၈ ခုအထိ တိုးလာခဲ့သည်။

၄။ "လန်ချန်း-မဲခေါင် လုံခြုံရေး"တည်ဆောက်မှုကို လန်ချန်း-မဲခေါင် နိုင်ငံပေါင်း ၆ နိုင်ငံ အတူတကွ တွန်းအားပေးခဲ့

လန်ချန်း-မဲခေါင် ဒေသဆိုင်ရာ မှုခင်းစီမံခန့်ခွဲမှု အတွေ့အကြုံ ဖလှယ်ပွဲနှင့် "စင်ရော် လှုပ်ရှားမှု" စတင်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ယူနန်ပြည်နယ် ကူမင်းတွင် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား အမျိုးသားရဲချုပ်ရုံး၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ချုပ်ရုံး၊ ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုရုံး၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ် ၅၀ ကျော် အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

၅။ နယ်စပ်ဖြတ်ကျော် e-commerce က ကုန်သွယ်မှုအခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေး

၂၀၂၄ ခုနှစ် တရုတ်-ဗီယက်နမ် (ဟုန်ဟယ်) နယ်စပ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးပြပွဲတွင် နယ်စပ်ဖြတ်ကျော် e-commerce ပြခန်းကို နိုဝင်ဘာလက ထားရှိခဲ့သည်။ ယင်းသည် ယခုအကြိမ် နယ်စပ်ရောင်းဝယ်ရေးပြပွဲတွင် နယ်စပ်ဖြတ်ကျော် e-commerce ဟူသောခေါင်းစဥ်ဖြင့် ဖွဲ့စည်းထားသည့် ပထမဆုံး အထူးပြခန်း ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် e-commerce ဆိုင်ရာ လုပ်ငန်းလည်ပတ်မှုနှင့် ထုတ်ကုန်များကို ပြသခဲ့သည်။ ယင်းပြခန်းတွင် သရေစာများ၊ အလှပြင်ပစ္စည်းများ၊ beauty makeup ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အမွှေးပွအရုပ်များစသည်တို့အပါအဝင် ကုန်ပစ္စည်းမျိုးစုံ ပါရှိပေသည်။ ယူနန်ပြည်နယ်ရှိ ဒေသကုမ္ပဏီလုပ်ငန်းများအပြင် ဆန်ရှီးပြည်နယ် အန်းခန်းမြို့၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချိဖုန်း နှင့် ဗီယက်နမ်မှ ဟိုချီမင်းမြို့နှင့် ဟနွိုင်းမြို့တို့မှ ကုမ္ပဏီလုပ်ငန်းများလည်း ပြပွဲတွင် ပါဝင်ကြသည်။

၆။ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်

"လန်ချန်း-မဲခေါင် စိုက်ပျိုး‌ရေးနှင့် စိုက်ပျိုး‌ရေးသုံးပစ္စည်းများ အစိမ်းရောင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဥ်ဖြင့် ၂၀၂၄ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများဆိုင်ရာ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့ပါသည်။ ဖိုရမ်တွင် တရုတ်နှင့် အာဆီယံတို့ကြား အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းရှိနိုင်ငံများအကြား စိုက်ပျိုးရေး၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စီးပွားရေးနှင့်ကုန်သွယ်မှု၊ နည်းပညာ စသည့်ကဏ္ဍများ၏ နောက်ဆုံးတိုးတက်မှုများကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြသည်။ ၎င်းမှာ ကုမ္ပဏီလုပ်ငန်းများ၊ ထုတ်ကုန်များနှင့် နည်းပညာများ ပြသခြင်းနှင့် ချိတ်ဆက်မှုကို အားကောင်းစေပြီး ဒေသတွင်း စိုက်ပျိုးရေး အရင်းအမြစ် မျှဝေမှု၊ စျေးကွက် တိုးချဲ့ရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်ခဲ့ရာ ဒေသတွင်း စိုက်ပျိုးရေး အစိမ်းရောင်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုခဲ့ပေသည်။

၇။ လန်ချန်း-မဲခေါင်နိုင်ငံများ “မေတ္တာခရီးစဉ်”တွင် မွေးရာပါနှလုံးရောဂါသည် ကလေးငယ် ၈ သောင်းကျော်ကို ဆေးစစ်ပေးခဲ့

၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ကာလတွင် လန်ချန်း-မဲခေါင်နိုင်ငံများ "မေတ္တာခရီးစဉ်" စီမံကိန်းနှင့် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို စသည့်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ရာ ကလေး ၈၅,၄၀၃ ဦးကို ဆေးစစ်ပေးရန် တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို ဖွဲ့စည်းပြီး အဆိုပါ ၃ နိုင်ငံသို့ စေလွှတ်ခဲ့သည်။ ကမ္ဘောဒီးယားကလေးငယ် ၉၁ ဦး၊ မြန်မာကလေးငယ် ၂၅ ဦးနှင့် လာအိုကလေးငယ် ၁၂ ဦးအပါအဝင် မွေးရာပါနှလုံးရောဂါသည် ကလေးငယ် ၁၂၈ ဦးကို တရုတ်နိုင်ငံသို့ အခမဲ့ သွားရောက်ကုသရန် စီစဉ်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ စသည့်နိုင်ငံများမှ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၂ ဦးကိုလည်း ပျိုးထောင်ပေးခဲ့သည်။

၈။ ရေကြီးမှုနှင့် မိုးခေါင်ရေရှားမှု ကိုင်တွယ်စီမံရေး နိုင်ငံခြောက်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်

၂၀၂၄ ခုနှစ် စက်တင်ဘာလက ”မာကာ” တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် လန်ချန်းမြစ်အောက်ပိုင်းနှင့် မဲခေါင်မြစ်ဝှမ်းတို့တွင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့ပြီး မဲခေါင်မြစ်တစ်လျှောက် ရေလွှမ်းမိုးမှု ထိန်းချုပ်မှုဖိအားများ သိသိသာသာ မြင့်တက်လာခဲ့သည်။ မဲခေါင်မြစ်တစ်လျှောက် ရေလွှမ်းမိုးမှု ဖိအားကို ထိရောက်စွာ လျှော့ချရန်အတွက် တရုတ်နိုင်ငံသည် လန်ချန်းမြစ်လှေကားထစ်ရေလှောင်ကန် အခန်းကဏ္ဍကို အသုံးချပြီး လန်ချန်းမြစ်ရှိ ကျင်ဟုန် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်ရေးဝန်အား ချိန်ညှိပြီး ရေလှောင်ကန်များမှ စီးဆင်းမှုကို လျှော့ချခဲ့သည်။

၉။ "ဗီဇာကင်းလွတ်ခွင့် ရှိသောမိတ်ဆွေအသိုင်းအဝိုင်း"က လူမှုယဉ်ကျေးမှုဖလှယ်ရေးအား တွန်းအား ဖြစ်စေ

တရုတ်-ထိုင်း သာမန်နိုင်ငံကူးလက်မှတ်ဖြင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တရုတ် နိုင်ငံသားအဖွဲ့လိုက် ခရီးသွားအဖွဲ့များသည် လာအိုနိုင်ငံ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော ပြည်တွင်းခရီးသွားအေဂျင်စီ ၄၂ ခုမှတစ်ဆင့် လာအိုနိုင်ငံသို့ ၁၅ ရက် ထပ်မပိုသော ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်သည်။ နိုဝင်ဘာလတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံအနေဖြင့် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံကို မျက်နှာမူသော ”လန်ချန်း-မဲခေါင်ဗီဇာ” ထုတ်ပေးသွားမည် ဖြစ်ပြီး သတ်မှတ်တောင်းဆိုချက်နှင့် ကိုက်ညီမှု ရှိသောစီးပွား‌ရေးသမားအတွက် တရုတ်နိုင်ငံသို့ အကြိမ်များစွာဝင်ထွက်သွားလာနိုင်သော ၅ နှစ် သက်တမ်း ရှိသည့်ဗီဇာကို စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၁၀။ Fudan-1 (လန်ချန်း-မဲခေါင် အနာဂတ်ကြယ်) ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ဆန်းတုန်းပြည်နယ် ဟိုင်ယန် အရှေ့တိုင်းအာကာသဆိပ်ကမ်းတွင် Fudan-1 (လန်ချန်း-မဲခေါင် အနာဂတ်ကြယ်) ဂြိုဟ်တုကို Jielong-3 သယ်ဆောင်ဒုံးပျံဖြင့် လွှတ်တင်ခဲ့ရာ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်၍ လွှတ်တင်မှု အောင်မြင်ခဲ့သည်။ လန်ချန်း-မဲခေါင် နိုင်ငံခြောက်နိုင်ငံအတွက် အာကာသ စူးစမ်းလေ့လာရေးနှင့် နည်းပညာ အသုံးချဖလှယ်မှု ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အရေးကြီးသောပလက်ဖောင်းတစ်ခု ပံ့ပိုးပေးထားရန်အတွက် အဆိုပါဂြိုဟ်တုသည် နေရောင်ခြည်လေထုဒေတာနှင့် လန်ချန်း-မဲခေါင်ဒေသ လေထုဒေတာကို အဓိကထားပြီး နိုင်ငံဖြတ်ကျော် သိပ္ပံသုတေသနများ ပြုလုပ်မည် ဖြစ်သည်။