မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ma Jia သည် ကော့သောင်းမြို့၌ ဇန်နဝါရီ ၁၄ ရက်က ကျင်းပသော လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ ကူညီထောက်ပံ့သည့် “တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာ အသေးစားဓါတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကျေးရွာကိုယ်စားလှယ်များ အပါအဝင် လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
Ma Jia က လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူလူထုကို အခိုင်အမာ အကျိုးပြုစေပြီး အထက်ဖော်ပြပါ စီမံကိန်းက ကျေးရွာနှစ်ခုရှိ အိမ်ထောင်စု ၅၄၀ မှ ကျေးရွာနေပြည်သူ ၂,၇၀၀ ဦးကို ၂၄ နာရီ လျှပ်စစ်မီးရရှိစေကာ ဘေးကင်းသော သောက်သုံးရေရရှိရေး ပြဿနာကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ပြီး ရေလုပ်ငန်းထုတ်ကုန်လုပ်ငန်းများကို အာမခံပေးနိုင်သလို အခြေခံပြည်သူလုထုကို အကျိုးပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝ ပိုမိုကောင်းမွန်လာရေးအတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သံအမတ်ကြီး Ma Jia က ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကျေးရွာကိုယ်စားလှယ်များက တရုတ်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါစီမံကိန်းသည် အစိုးရ၊ ကုမ္ပဏီလုပ်ငန်း၊ ပြည်သူလုထု သုံးရပ်၏ ပူးပေါင်းဆောင်ရွက်မှု စံနမူနာဖြစ်ပြီး ကျေးရွာနေပြည်သူများအား လျှပ်စစ်ဓါတ်အားနှင့် ရေပေးဝေရေးကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရုံသာမက ဒေသခံ အသေးစားလက်မှုလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ မြှင့်တင်ပေးမည်ဖြစ်ရာ သက်ဆိုင်ရာ စက်ကိရိယာများကို ထိန်းသိမ်းကာကွယ်၍ ကောင်းမွန်စွာအသုံးပြုပြီး စီမံကိန်းထိရောက်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)