မြန်မာနိုင်ငံ ရန်ကုန်မြို့ Yangon Convention Center တွင် ပြုလုပ်သည့် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှု ပြပွဲမြင်ကွင်းများကို ဇန်နဝါရီ ၁၀ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ဆိုလာစွမ်းအင်ကို ပြောင်းလဲအသုံးပြုရန် စိတ်ဝင်စားလာကြသည်။ ၎င်းတို့အနက် ဆိုလာစွမ်းအင်ပြပွဲသို့ လာရောက်လေ့လာသူ၊ ရန်ကုန်မြို့မှ အသက် ၇၀ နှစ်အရွယ် ဦးကျော်မင်းလည်း အပါအဝင် ဖြစ်သည်။ယမန်နှစ်က ၎င်း၏ရုံးခန်းအတွင်း ဆိုလာထုတ်ကုန်များကို တပ်ဆင်အသုံးပြုထားပြီးဖြစ်ကြောင်း ဦးကျော်မင်းက ရှင်းပြသည်။ “အခုကတော့ ဧရာဝတီတိုင်းဘက်က ကျွန်တော့် ညီအစ်ကိုတွေအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ဆိုလာထုတ်ကုန်တွေ ဒီပွဲမှာလာကြည့်တာပါ” ဟု ၎င်းက ဆိုသည်။
“လောင်စာဆီဈေးနှုန်းတွေ မြင့်လာတော့ ဆီနဲ့သုံးရတဲ့ စိုက်ပျိုးရေးလုပ်ငန်းစရိတ်တွေကလည်း တက်လာတယ်။ သူတို့အတွက် ဆိုလာထုတ်ကုန်တွေ ရှာကြည့်ရင်းနဲ့ ဒီပွဲကို ရောက်လာတာပါ” ဟု ဦးကျော်မင်းက ပြောပြသည်။
လျှပ်စစ်မီးပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကာ လောင်စာဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် လောင်စာဆီသုံး မီးစက်များအသုံးပြုခြင်းက ရွေးချယ်စရာနည်းလမ်းကောင်းတစ်ရပ် မဟုတ်တော့ကြောင်း ၎င်းက ဆိုသည်။ “ဆိုလာကတော့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ ကနဦးကုန်ကျစရိတ်ကတော့များပေမဲ့ ရေရှည်မှာ အရမ်းအကျိုးရှိတယ်။ ဆိုလာစွမ်းအင်က အကျိုးကျေးဇူးတွေ အများကြီးပဲလေ” ဟု ၎င်းက ဆိုသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အား အချိုးချခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မကြာသေးမီက ထုတ်ပြန်ထားသော ကြေညာချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စု ၃ ခုခွဲ၍ တစ်အုပ်စုလျှင် အချိန် ၄ နာရီပေး ၈ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားခွဲဝေဖြန့်ဖြူးလျက်ရှိကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အစိုးရအနေဖြင့် ရေ၊ နေ၊ လေ စသည့် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့မှ ကုန်စည်ပြပွဲသို့ လာရောက်လေ့လာသော အသက် ၄၄ နှစ်အရွယ် ကိုကျော်လမင်းက “ကျွန်တော်က မီးဖိုဆောင်နဲ့ ရေစုပ်စက်သုံးဖို့ ဆိုလာထုတ်ကုန်တွေ လာလေ့လာတာပါ” ဟု ပြောသည်။
“အိမ်မှာတော့ မီးထွန်းတာတွေ၊ ဖုန်း၊ တီဗီနဲ့ laptop တွေ အားသွင်းဖို့အတွက်တော့ ဆိုလာသုံးထားတယ်” ဟု ၎င်းက ဆိုသည်။
မိသားစုဝင် ငါးဦးရှိသော ၎င်းတို့မိသားစုအတွက် ရေ၊ အလင်းရောင်ရရှိရန်နှင့် အင်တာနက်အသုံးပြုရန်အပြင် မီးဖိုဆောင်၊ ရေစုပ်စက်နှင့် ရေခဲသေတ္တာများ စသည်တို့အတွက် ဗို့အားမြင့် ဆိုလာထုတ်ကုန်အစုံလိုက် အသုံးပြုရန် လာရောက်လေ့လာခြင်းလည်း ဖြစ်ကြောင်း ကိုကျော်လမင်းက ပြောခဲ့သည်။
လူအများစုအတွက်မူ ဆိုလာစွမ်းအင်အသုံးပြုရန် အဓိကစိန်ခေါ်မှုများအနက် တစ်ခုမှာ ဈေးနှုန်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ “ဆိုလာထုတ်ကုန်တွေသာ ဈေးသက်သာမယ်ဆိုရင်တော့ အနာဂတ်မှာ ဆိုလာကို လူတွေပိုပြီးသုံးလာကြမှာပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့မှ အသက် ၆၀ နှစ်ကျော် ဦးမြင့်ကလည်း ဆိုလာထုတ်ကုန်များကို စိတ်ဝင်တစားလေ့လာရန် ကုန်စည်ပြပွဲသို့ လာရောက်ခဲ့သည်။ “ကျွန်တော်တို့က အထပ်မြင့်တိုက်ခန်းမှာနေတာဆိုတော့ ဆိုလာပြားတွေတပ်ဖို့က မလွယ်ဘူးလေ။ ကျွန်တော့်အိမ်မှာ ဆိုလာစွမ်းအင် ဘယ်လိုသုံးနိုင်မလဲဆိုတာ လေ့လာရအောင်လို့ ဒီပွဲကိုလာခဲ့တာပါ။ အခုတော့ မီးပျက်ချိန်မှာ အင်ဗာတာတွေနဲ့ ဘက်ထရီတွေတော့ သုံးပါတယ်” ဟု ဦးမြင့်က ဆိုသည်။
“ရန်ကုန်မှာက မီးကလည်းဆက်ပြီးပျက်နေတော့ လျှပ်စစ်မီးရနိုင်မယ့် တခြားနည်းလမ်းတွေရှာဖို့လိုလာပြီလေ။ ကျွန်တော့်တိုက်ခန်းမှာ ဆိုလာပြားတွေ ဘယ်လိုတပ်ရမလဲဆိုတာ သိသွားရင်တော့ ကျွန်တော်က သေချာပေါက် ဆိုလာတပ်ဖြစ်မှာပါ” ဟု ၎င်းက ပြောခဲ့သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲ၌ ဝင်ရောက်ပြသသည့် Blue Carbon Technology Inc. ကုမ္ပဏီက လစ်သီယံဆိုလာဘက်ထရီများ၊ ဆိုလာပြားများ၊ ရေခဲသေတ္တာများ၊ လေအေးပေးစက်များနှင့် ခေတ်မီ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်များကို ပြသလျက်ရှိသည်။
Blue Carbon ကုမ္ပဏီ၏ အမှုဆောင်ညွှန်ကြားရေးမှူး Diana Zhu က “ဒီမှာလူကြိုက်အများဆုံး ထုတ်ကုန်တွေကတော့ အိမ်သုံး လစ်သီယံဘက်ထရီတွေ၊ ခေတ်မီ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်တွေနဲ့ လေအေးပေးစက်တွေပါပဲ” ဟု ဆိုသည်။
၎င်းက ဆက်၍ မြန်မာနိုင်ငံက ဈေးကွက်ကောင်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် လျှပ်စစ်မီးရရှိရေးအတွက် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဆိုလာစွမ်းအင်က အဆိုပါ ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်လိမ့်မည်ဖြစ်ကြောင်း Diana Zhu က ပြောခဲ့သည်။
မြန်မာနိုင်ငံရှိ ဆိုလာစွမ်းအင်အနာဂတ်နှင့်ပတ်သက်၍ “တကယ်လို့ ထုတ်ကုန်တွေကလည်း ကောင်းမယ်၊ ဈေးနှုန်းလည်းသင့်တင့်မယ်ဆိုရင် လူတွေက သူတို့ရဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ဆိုလာထုတ်ကုန်တွေကို ပိုပြီး သုံးစွဲလာကြမှာပါ” ဟု ၎င်း၏ အမြင်ကို ပြောပြခဲ့သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၇၀ ကျော် ဝင်ရောက်ပြသခဲ့ကြသည်။ (Xinhua)