မြန်မာနိုင်ငံရဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ Empark Prime Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမစတင်မီမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်ဇနီး ဒေါ်မိမိမော်တို့က လင်ကွန်းစွယ်တော် ကျောင်းတိုက်မှ ဘုန်းတော်ကြီးများကို ဆွမ်းဆက်ကပ်ပါတယ်။ အဲဒီနောက် တက်ရောက်လာ ကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအလံတို့အား အလေးပြုကြပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားပါတယ်။ ဆက်လက်ပြီး မြန်မာသံအမတ်ကြီးနဲ့ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.Sun Weidong တို့က လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမှတ်တရ ကိတ်မုန့်ခွဲပြီးနောက် မြန်မာပညာတော်သင် ကျောင်းသူလေးများက "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ဧည့်ခံ ဖျော်ဖြေကြပါတယ်။ အခမ်းအနားကို တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.Sun Weidong နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။