မြန်မာနိုင်ငံ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာကျေးရွာရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် တည်ဆောက်ထားသော ရေလှောင်ကန်တစ်ခုမှ ရွာခံတစ်ဦး ရေရယူနေပုံကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာကျေးရွာမှ အသက် ၃၆ နှစ်အရွယ် တောင်သူတစ်ဦးဖြစ်သူ ကိုနိုင်ဝင်းစိုးမှာ ၎င်း၏မိသားစုအတွက် နေ့စဥ် ၆ ကြိမ် ၇ ကြိမ်ခန့် ခေါက်တုံ့ခေါက်ပြန် ရေသယ်စရာ မလိုတော့ပေ။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဖော်ဆောင်လျက်ရှိသည့် ကျေးလက်ဒေသ ရေပေးဝေရေး စီမံကိန်းကြောင့် ကိုနိုင်ဝင်းစိုးမှာ ယခုဆိုလျှင် ၎င်း၏ခြံထဲရှိ ရေတိုင်ကီမှ သန့်ရှင်းသောရေများကို အလွယ်တကူ ရရှိနေပြီဖြစ်သည်။ ထိုစီမံကိန်းက နေ့စဥ် မီတာ ၄၀၀ အကွာအဝေးအထိ ရေသယ်ယူရသော ၎င်း၏ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသက်သာစေသည်။
“အရင်ကဆိုရင် ကျွန်တော်တို့ ရေခပ်ရတဲ့နေရာက တော်တော့်ကိုဝေးတယ်ဗျ။ အထူးသဖြင့် နွေရာသီရောက်ပြီဆိုရင် ရေရှားပါးတာက ပြဿနာကြီးတစ်ခုဖြစ်သလို သောက်ရေကလည်း မသန့်ရှင်းတော့ဘူးလေ။ ရေခပ်ဖို့ ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်ရတယ်။ ဒီက နေရာတော်တော်များများက ရေတွင်းတူးဖို့ မဖြစ်နိုင်ဘူးလေ။ ဒီမှာဆိုရင် ရေရဖို့ ပေ ၄၀၀၊ ၅၀၀ လောက် တူးရတယ်” ဟု မိသားစုဝင် လေးဦး၏ အိမ်ထောင်ဦးစီးဖြစ်သူ ကိုနိုင်ဝင်းစိုးက ဆင်ဟွာသို့ ပြောပြခဲ့သည်။
“ကျွန်တော် အရမ်းပျော်တာပေါ့။ ဒီစီမံကိန်းအတွက် ရေသိုလှောင်ကန်ဆောက်ဖို့ ကျွန်တော့်ရဲ့ မြေနေရာတချို့ကိုတောင် ပေးခဲ့သေးတယ်” ဟု ၎င်းက ကျေးဇူးတင်စကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ထိုစီမံကိန်းမှ နောက်ထပ် အကျိုးကျေးဇူး ရရှိနေသူတစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ရွာခံတစ်ဦးဖြစ်သူ ကိုလှိုင်ဝင်းကလည်း “အရင်ကဆိုရင် တစ်နေ့ကို နှစ်နာရီလောက် တွန်းလှည်းနဲ့ ရေသယ်ရတယ်ဗျ။ ရေပေးဝေရေး စီမံကိန်းသစ်က သိပ်ကိုအကျိုးရှိပါတယ်” ဟု ဆိုသည်။
“အဲဒီစီမံကိန်းက ကျွန်တော်တို့အတွက်တင်မကဘဲ ကျွန်တော်တို့ရဲ့ ကျွဲနွားတွေအတွက်လည်း အကျိုးရှိပါတယ်။ အခုလို အကူအညီပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အသက် ၅၀ အရွယ် ကျေးရွာသူတစ်ဦးဖြစ်သူ ဒေါ်စံပယ်ကလည်း လူနေမှုဘဝ တိုးတက်လာပုံအကြောင်း ပြောပြခဲ့သည်။ “အရင်တုန်းက ရေရဖို့ သိပ်ကိုခက်ခဲတာပေါ့။ တန်းစီပြီး ကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်ပြီးမှ ရေရတယ်။ အခုဆိုရင် ရေလှောင်ကန်နဲ့ သွယ်ထားတဲ့ ဘုံပိုင်ခေါင်းကနေ ရေရနေပြီဆိုတော့ တော်တော်လေး အဆင်ပြေသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ဒေါ်စံပယ်က အဆိုပါစနစ်အား တည်ဆောက်ခဲ့သည့် တရုတ်ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံသားတွေက ရေပေးဝေရေးစနစ်ကို တည်ဆောက်ပေးခဲ့တယ်။ သူတို့က ဖော်လည်းဖော်ရွေကြတယ်။ အခု ရေကြည်ရေသန့် ရနေပြီမို့ လူဦးရေ ၇ ယောက်ရှိတဲ့ ကျွန်မတို့မိသားစုအတွက် သိပ်ကိုအဆင်ပြေပါတယ်” ဟုလည်း ၎င်းက ပြောပြခဲ့သည်။
အဆိုပါ ရေပေးဝေရေးစီမံကိန်းက ကျေးရွာသူ/ကျေးရွာသား ၃၀၀ ကျော်အား ရေတွင်း၊ ရေသန့်စင်စနစ်၊ ဂါလန် ၈,၀၀၀ ဆံ့ ရေသိုလှောင်ကန်တာဝါ၊ ရေတိုင်ကီ ၃ လုံးနှင့် ပိုက်လိုင်းတစ်ခုတို့ကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အသက် ၄၂ နှစ်အရွယ် တောင်သူတစ်ဦးဖြစ်သူ ဦးလှမြင့်သိန်းက စီမံကိန်းပြီးမြောက်သည့် အထိမ်းအမှတ် အခမ်းအနားတွင် ရွာသူ/ရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားရာ၌ “ဒီစီမံကိန်း ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ရေတွင်း၊ ရေသိုလှောင်ကန်တာဝါ၊ ရေတိုင်ကီနဲ့ ပိုက်လိုင်းတွေ ရေရှည်ခံဖို့ အသုံးအဆောင်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းသွားမှာပါ” ဟု ၎င်းက ဆိုသည်။
အောင်သာကျေးရွာ၏ ရာအိမ်မှူးအဖြစ် ၂၀၁၀ ခုနှစ်ကတည်းက တာဝန်ယူခဲ့သည့် အသက် ၄၉ နှစ်အရွယ် ဦးကျော်စိုးမိုးကလည်း ယခင်က အခြေအနေကို ပြန်လည်ပြောပြခဲ့သည်။ “ကျေးရွာလူကြီး တစ်ယောက်အနေနဲ့ ရေရှားပါးတဲ့ ပြဿနာကို တောက်လျှောက်ဖြေရှင်းခဲ့ရတယ်။ အခုတော့ အဲဒီပြဿနာ ပြေလည်သွားပြီလေ” ဟု ၎င်းက ဆိုသည်။
“ရေပေးဝေရေးစနစ် တည်ဆောက်တုန်းက လုပ်ငန်းတချို့ကို ကျွန်တော်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်ဗျ။ အခုလို ထောက်ပံ့လှူဒါန်းမှုက တရုတ်နိုင်ငံအတွက်ရော မြန်မာနိုင်ငံအတွက်ပါ အကျိုးရှိပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယင်းစီမံကိန်းမှ ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသော အကျိုးကျေးဇူးများကို အလေးထားပြောကြားခဲ့ကာ အဆိုပါ ရေပေးဝေရေးစနစ်ကြောင့် သန့်ရှင်းသော သောက်သုံးရေ ရရှိသည့်အပြင် ရွာသူ/ရွာသားများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အထွေထွေ ကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေသည်ဟု ရှင်းပြခဲ့သည်။ (Xinhua)