မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာအရ သိရသည်။
လာမည့်နှစ်တွင် ကျင်းပမည့် အဆိုပါ အခမ်းအနားတွင် ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများကို အကဲဖြတ်ရွေးချယ်မည်ဖြစ်သည်။ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ရေးလုပ်ငန်းနှင့် စပ်လျဉ်းသော ကြိုတင်ပြင်ဆင်မှုများအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်း၌ ဖော်ပြထားသည်။
ယခုနှစ် ဖေဖော်ဝါရီ ၃ ရက်က နောက်ဆုံးကျင်းပခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အနုပညာရှင်များအား ထူးချွန်ဆု ၁၂ ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)