ဆဋ္ဌမကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ် ကမ္ဘောဒီးယားတွင် ဖွင့်လှစ်

lmcchina.org, December 27, 2024
Size:

ဆဋ္ဌမကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ် အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်တွင် ကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများမှ ရုပ်ရှင်လုပ်ငန်းလုပ်ဆောင်သူများနှင့် ဧည့်သည့်တော်များသည် အခမ်းအနားတွင် ဆုံစည်းကြပြီး ရုပ်ရှင်ယဉ်ကျေးမှုလုပ်ငန်း၏ အခွင့်အလမ်းသစ်များနှင့် တိုးတက်မှုသစ်များ အားပါးတရဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်သောပုဂ္ဂိုလ်များက လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ်သည် လန်ချန်း-မဲခေါင် လူမှုယဥ်ကျေးမှု ဖလှယ်မှု အမှတ်တံဆိပ်အနေဖြင့်  မြစ်ဝှမ်းဒေသနိုင်ငံများ၏ ပြည်သူများ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ပြီး နိုင်ငံအသီးသီးမှ ရုပ်ရှင်လုပ်ငန်းဆောင်ရွက်သူများနှင့် လူထု၏ ကြိုက်နှစ်သက်မှု ခံရပေသည်။ ယခုနှစ်သည် တရုတ်-ကမ္ဘောဒီးယား လူမှုယဥ်ကျေးမှုဖလှယ်မှုနှစ် ဖြစ်သည့်အတိုင်း နှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ လူငယ်နှင့် ဒေသဆိုင်ရာဆက်ဆံရေး စသည့် လူမှုယဉ်ကျေးမှုဖလှယ်ရေး အစီအစဥ်များကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ယခုအကြိမ် ရုပ်ရှင်ရက်သတ္တပတ်သည် တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား လူမှုယဉ်ကျေးမှုဖလှယ်ရေးအတွက် ကြီးကျယ်ခမ်းနားသောပွဲတစ်ပွဲလည်း ဖြစ်သည်။ နှစ်ဖက်စလုံး၏ အတူတကွ ပူးပေါင်းကြိုးပမ်းမှုဖြင့် တရုတ်-ကမ္ဘောဒီးယား ရုပ်ရှင်နှင့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးသည် ပိုမိုကျယ်ပြန့်သောအလားအလာများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြပေသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဆဋ္ဌမကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ် ဖြန့်ချိရေးကားနှင့် ပြသမည့် ဇာတ်ကားပဒေသာကို ပြသပြီး ကမ္ဘောဒီးယား ရိုးရာအကနှင့် လန်ချန်း-မဲခေါင် ရိုးရာဖက်ရှင်ရှိုးများဖြင့် ဖျော်ဖြေခဲ့သည်။

ရုပ်ရှင်ရက်သတ္တပတ်အတွင်း လန်ချန်း-မဲခေါင်နိုင်ငံများမှ ဇာတ်ကား ၂၀ ကို ဖနွမ်းပင်မြို့ရှိ ရုပ်ရှင်ရုံအများအပြားတွင် ‌ရှေ့စဥ်နောက်ဆက်ပြသခဲ့သည်။ ထို့ပြင်  ရုပ်ရှင်ပညာရပ်ဆိုင်ရာဖလှယ်ရေး၊ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ ရုပ်ရှင်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ ရုပ်ရှင်ပရောဂျက်များ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပွဲ၊ လန်ချန်း-မဲခေါင် ညချမ်းကဲ့သို့သောအစီအစဥ်များကိုလည်း ကျင်းပခဲ့သည်။