မြန်မာနိုင်ငံ နေပြည်တော်၌ ဒီဇင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံ နေပြည်တော်၌ ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက် Global New Light of Myanmar နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။
ယင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်သည့်ပွဲတော်၊ တစ်မျိုးသားလုံး၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် စွမ်းအားများ ဝင့်ကြွားခံ့ထည်မှုကို ပြသနိုင်ခဲ့သည့်ပွဲတော်ကြီး ဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပိတ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က စွမ်းရည်ပြသခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားများက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနက အေရိုးဗစ်အကဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခြင်းနှင့် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို ပစ်ဖောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအတွက် အားကစားနည်း (၆) မျိုး၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် အားကစားနည်း (၂၃) မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း (၄) မျိုး သတ်မှတ်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးတွင် အားကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်ဂျူရီ စုစုပေါင်း (၁၀,၀၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ပထမအကြိမ် အမျိုးသားအားကစားပွဲတော်အား ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)