မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် စီမံကိန်းတချို့အား တွေ့ရစဉ် (ဓာတ်ပုံ - Department of Rural Development)
မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေဖြင့် ငွေကြေးထောက်ပံ့သည့် စီမံကိန်း ၈ ခု လက်ခံရရှိခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စီမံကိန်း ၄ ခု၊ ၂၀၂၃ ခုနှစ်တွင် စီမံကိန်း ၃ ခုနှင့် ၂၀၂၄ ခုနှစ်တွင် စီမံကိန်း ၁ ခု လက်ခံရရှိခဲ့သည်။ ယင်းတို့အနက် ၂၀၂၂ ခုနှစ် LMC အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်း ၄ ခုမှာ ပြီးစီးခဲ့ပြီး ကျန်ရှိနေသေးသည့် စီမံကိန်းများမှာ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြီးစီးခဲ့သည့် စီမံကိန်း ၄ ခုတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စံပြကျေးရွာစီမံကိန်းတစ်ခု၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကျေးလက်ရေရရှိရေးစီမံကိန်းတစ်ခုနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးစီမံကိန်းနှစ်ခုတို့ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
ယင်းစီမံကိန်းများ ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနေဖြင့် အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်မှု၊ အသေးစားဆိုလာပြားများမှ ၂၄ နာရီ လျှပ်စစ်မီးနှင့် သန့်ရှင်းသည့်ရေ ရရှိမှုနှင့် ဒေသတွင်းစီးပွားရေးအား မြှင့်တင်ပေးသည့် ရေထွက်ကုန်ပစ္စည်းများ အေးခဲစေနိုင်မှု စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)