မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် ၂၀၂၄ ခုနှစ် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ မြင်ကွင်းများ (ဆင်ဟွာ)
၂၀၂၄ ခုနှစ် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ (2024 Myanmar International Textile and Machinery Fair) အား ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပြုလုပ်ကာ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများရှိ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအား အတူတကွစုစည်းပေးခဲ့သည်။အဆိုပါကုန်စည်ပြပွဲအား မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association in Myanmar (CTGA) တို့ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်နှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်လုပ်သူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို ပါဝင်ပြသခဲ့ပြီး ပြပွဲက B2B matchmaking အတွက် အရေးပါသော အခွင့်အလမ်းအား ပေးအပ်ကာ ပြပွဲသို့ လာရောက်မည့်သူများအနေဖြင့် သက်ဆိုင်ရာ ပြခန်းများမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် အခွင့်အရေးများ ရရှိမည်ဖြစ်ကာ လုပ်ငန်းပိုင်းဆိုင်ရာများတွင်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း MGMA ထံမှ သိရသည်။
နိုင်ငံတကာမိတ်ဖက်များအနေဖြင့်လည်း ပြပွဲတွင် ခင်းကျင်းပြသမည့် ဒေသတွင်း အထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လက်မှုပညာများကို လေ့လာနိုင်မည် ဖြစ်ကြောင်း MGMA က ဆိုသည်။
လာရောက်လည်ပတ်သူများသည် ရိုးရာနည်းပညာများမှစ၍ ခေတ်မီဆန်းသစ်တီထွင်မှုများအထိ Made in Myanmar ထုတ်လုပ်သူများထံမှ ရောင်စုံဆန်းပြားသော အထည်အလိပ်ထုတ်ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများကို လေ့လာခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြပွဲတွင် Korea Garment Association in Myanmar (KOGAM) နှင့် Hong Kong Myanmar Manufacturers’ Association Limited (HKMMA) တို့လည်း ပါဝင်ခဲ့သည်။
ပြပွဲတွင် ထင်ရှားသည့် ပြခန်းတစ်ခုအဖြစ် ဟောင်ကောင်အခြေစိုက် Lat War TSM ကုမ္ပဏီက အဆင့်မြင့်အလိုအလျောက် အထည်ချုပ်စက်ပစ္စည်းအား ပြသခဲ့သည်။ TSM ကုမ္ပဏီမှ အရောင်းနှင့် ဈေးကွက်ကိုယ်စားလှယ်ဖြစ်သူ ကိုအောင်က ယင်းစက်ပစ္စည်းက လုပ်သားအင်အားနည်းနည်းဖြင့် အဝတ်အထည်များအား ပိုမိုထုတ်လုပ်နိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။
“ဒီကုန်စည်ပြပွဲက အထည်ချုပ်နဲ့ ဆက်စပ်ပြီး ဆန်းသစ်တီထွင်မှုအမျိုးမျိုးကို လေ့လာဖို့ အလွန်ကောင်းတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံထုတ် အထည်များ၏ အရည်အသွေးအား ကျေနပ်အားရမှုရှိကြောင်း Royal Fashion and Garment ပိုင်ရှင် ဒေါ်ကြည်ကြည်ဝင်းက ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံကနေ အထည်တွေ မှာထားပါတယ်။ အရည်အသွေးက ကောင်းပါတယ်”ဟု ဆိုသည်။
“ဒီပြပွဲက ကျွန်မရဲ့ အမှတ်တံဆိပ်ကို မြှင့်တင်နိုင်စေပြီးတော့ စီးပွားရေးမိတ်ဖက်တွေနဲ့ ဆက်သွယ်ပြီး အခွင့်အလမ်းသစ်တွေကို ရှာဖွေနိုင်စေမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ကုန်စည်ပြပွဲတွင် SUNTUK Myanmar Company Trading က တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည့် စတေကာ တိုက်ရိုက်ရိုက်နှိပ်ထုတ်လုပ်စက်နှင့် လေဆာဖြင့် အထည်အလိပ်ဖြတ်တောက်သည့်စက်တို့အား မိတ်ဆက်ပြသခဲ့သည်။
SUNTUK ၏ အရောင်းနှင့် ဈေးကွက်ကိုယ်စားလှယ်ဖြစ်သူ မနှင်းနွယ်ထွန်းက ထိုကဲ့သို့ပြပွဲများတွင် ပါဝင်တက်ရောက်ရခြင်း၏ အားသာချက်များအား ရှင်းပြခဲ့သည်။ “နောက်ဆုံးပေါ်စက်ပစ္စည်းတွေ လေ့လာပြီး ဒီလုပ်ငန်းထဲက အခြားသူတွေနဲ့ ဆက်သွယ်ဖို့ အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)