လန်ချန်း-မဲခေါင် ဒေသဆန်းသစ်တီထွင်မှုစင်္ကြံတည်ဆောက်ရေး အဆင့်မြင့်အရာရှိများ ပထမအကြိမ် အစည်းအဝေး ကျင်းပ

lmcchina.org, December 20, 2024
Size:

လန်ချန်း-မဲခေါင် ဆန်းသစ်တီထွင်မှုစင်္ကြံတည်ဆောက်ရေး အဆင့်မြင့်အရာရှိများ ပထမအကြိမ် အစည်းအဝေးကို မကြာသေးမီက ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dai Gang က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုဦးစီးဌာနချုပ် ညွှန်ကြားရေးမှူးချုပ် Dirisopa၊ လာအိုနိုင်ငံ နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နည်းပညာပြန့်ပွားစေရေးနှင့် လွှဲပြောင်းရေးစင်တာ၏ ဒါရိုက်တာ Kesong Solifeng၊ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် ဆန်းသစ်တီထွင်မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ ထိုင်းနိုင်ငံ အဆင့်မြင့်ပညာ၊ သိပ္ပံပညာသုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူး Luksang နှင့် ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုအကယ်ဒမီ၏ ဒုတိယဥက္ကဋ္ဌ Ruan Taixiong တို့ ပါဝင်တက်ရောက်ကြသည်။

Dai Gang က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကျင်းပသည့် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များအစည်းအဝေးတွင် “လန်ချန်း-မဲခေါင် ဆန်းသစ်တီထွင်မှုစင်္ကြံတည်ဆောက်ရေး ဘုံအဆိုပြုချက်”ကို ကြေညာခဲ့ရာ ယင်းအဆိုပြုချက်သည် လန်ချန်း-မဲခေါင်ဒေသ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နောက်တစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းကြီးကို ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။ လန်ချန်း-မဲခေါင် ဆန်းသစ်တီထွင်မှုစင်္ကြံတည်ဆောက်ရေး အဆင့်မြင့်အရာရှိများအစည်းအဝေးသည် ခေါင်းဆောင်များ၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် လန်ချန်း-မဲခေါင် ခြောက်နိုင်ငံမှ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု အခွင့်အာဏာရှိဌာနများ ပူးပေါင်းဖွဲ့စည်းထားသော ယန္တရားအသစ် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရန်အတွက် သိပ္ပံနည်းပညာ လူမှုယဉ်ကျေးမှု ဖလှယ်ရေး၊ သိပ္ပံနနည်းပညာဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆန်းသစ်တီထွင်ရေး၊ ကျန်းမာရေး၊ ဒစ်ဂျစ်တယ်သတင်းအချက်အလက်၊ အစိမ်းရောင်နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှု စသည့်နယ်ပယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများအတွက် အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကို အကျိုးပြုရန်အတွက် ဒေသတွင်းဆန်းသစ်တီထွင်မှုစင်္ကြံများကို ပူးပေါင်းတည်ဆောက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လန်ချန်း-မဲခေါင်ဒေသ ဆန်းသစ်တီထွင်မှု စင်္ကြံတည်ဆောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးယန္တရားပဋိညာဉ်စာတမ်းကို အစည်းအဝေးက အတည်ပြုခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်သော လန်ချန်း-မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ယင်းယန္တရား၏အရေးကြီးပုံကို အသိအမှတ်ပြုခဲ့ကြသည်။ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုမူဝါဒများ ဖလှယ်မှုနှင့် ချိတ်ဆက်မှု၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု လူရည်ချွန်များအကြား အပြန်အလှန်ဖလှယ်မှု များပြားစေရေး၊ နည်းပညာလွှဲပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းတည်ထောင်မှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်ခြင်းစသည့်အကြောင်းအရာများအား ဗဟိုပြုပြီး လန်ချန်း-မဲခေါင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အခန်းကဏ္ဍကို မည်သို့ နောက်ထပ်ဆောင်ရွက်ရန်နှင့် လန်ချန်း-မဲခေါင် ဆန်းသစ်တီထွင်မှုစင်္ကြံကို မည်သို့ ပူးပေါင်းတည်ဆောက်မည်ဆိုသည့်အကြောင်းအရာအပေါ် အကြံပြုချက်များကို တင်ပြခဲ့ပါသည်။