မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ တရုတ်နိုင်ငံက ငွေကြေး ထောက်ပံ့မှုဖြင့် ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်စီစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းအား တက်ရောက်နေသည့် သင်တန်းသား/သူများအား နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ရှိ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် သင်တန်းအစီအစဉ်က ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း အသက်မွေးဝမ်းကျောင်းပြုသူများအား ကျွမ်းကျင်မှုနှင့် အသိပညာ အဆင့်မြင့်မွမ်းမံမှုများ ပံ့ပိုးပေးခဲ့သည်။ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်စီစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းတွင် တက်ရောက်သူများအနက် ရန်ကုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၌ ခရီးသွားလုပ်ငန်းဆိုင်ရာ နောက်ဆုံးနှစ် တက်ရောက် သင်ကြားနေ သည့် ကျောင်းသူ မလင်းလက်ဖြိုးက ပါဝင်ခဲ့သည်။
“ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အသိပညာတွေ တိုးလာဖို့ ဒီသင်တန်းကို တက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာတွေ၊ ခရီးစဉ်စီမံခန့်ခွဲမှု၊ ခရီးစဉ်အစီအစဉ်ရေးဆွဲတာတွေနဲ့ ပတ်သက်ပြီး လေ့လာသင်ကြားနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ တရုတ်နိုင်ငံက ငွေကြေး ထောက်ပံ့မှုဖြင့် ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်စီစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းအား တက်ရောက်နေသည့် သင်တန်းသား/သူများအား နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
မလင်းလက်ဖြိုးက ၎င်း၏ နောက်ဆုံးနှစ် သုတေသနစာတမ်း ရေးသားနေသူဖြစ်သည်။ “ဒီသင်တန်းကနေ ရလာတဲ့ အသိပညာတွေက ကျွန်မရဲ့ စာတမ်းကို ပိုပြီးကောင်းလာစေမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။
ယင်းသင်တန်းက နိုင်ငံတကာမှ လာရောက်လည်ပတ်သူများ ပိုမိုဆွဲဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ခရီးသွားနေရာများ ထိန်းသိမ်းစောင့်ရှောက်ရေးအား အလေးပေးထားသည်။ “သင်တန်းက သီအိုရီအပိုင်းရော လက်တွေ့အရရော နှစ်ခုလုံး အကျုံးဝင်ခဲ့ပါတယ်”ဟု မလင်းလက်ဖြိုးက မှတ်ချက်ပြုခဲ့သည်။
အစီအစဉ်များတွင် ဒစ်ဂျစ်တယ်နည်းပညာ စွမ်းရည် မြှင့်တင်ရေးသင်တန်း၊ ခရီးသွားအော်ပရေတာများနှင့် ဧည့်လမ်းညွှန်များနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများအတွက် သင်တန်းများ ပါဝင်သည့် ဘာသာရပ်သင်တန်း ၇ မျိုး ပါဝင်ခဲ့သည်။ ယင်းအစီအစဉ်များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မှ ငွေကြေး ထောက်ပံ့ပေးခဲ့ပြီး မြန်မာခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်သည်။
ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုမင်းစိုးသူရလည်း သင်တန်းတွင် ပါဝင် တက်ရောက်ခဲ့သည်။ “ဒီသင်တန်းက ကျွန်တော်ရဲ့ လုပ်ငန်းဆိုင်ရာ အသိပညာတွေကို အဆင့်မြှင့်တင် ပေးပါတယ်။ ကျွန်တော်တို့တွေ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနေရာတွေကို တစ်ရက်ခရီးစဉ် သွားခဲ့ရပါသေးတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိစိန်ခေါ်မှုများအား ဝန်ခံကာ “ခရီးသွားလုပ်ငန်းက ကပ်ရောဂါအလွန်ကာလမှာ ပြန်လည်ကောင်းမွန်လာဖို့ ကြိုးပမ်းနေရတုန်းပါပဲ။ ဒီသင်တန်းက ဒါကို ဘယ်လိုမြှင့်တင်ရမယ်ဆိုတာ အကြံဥာဏ်တွေ ပေးပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်တွင် ပြီးဆုံးခဲ့သော ၁၀ ရက်ကြာ ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်စီစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျောင်းသား/သူများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားအော်ပရေတာများ အပါအဝင် သင်တန်းသား/သူ ၅၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။
ဧည့်လမ်းညွှန်နှင့် သင်တန်းဆရာတစ်ဦးဖြစ်သူ ဦးနိုင်ထူးအောင်က “သင်တန်းက ခရီးသွားလုပ်ငန်းထဲက လူပုဂ္ဂိုလ်တွေရဲ့ ကျွမ်းကျင်မှုတွေ ပြန်လည်အားပြည့်စေဖို့ ရည်ရွယ်ပါတယ်”ဟု ပြောကြားခဲ့သည်။
“ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်းအတွက် ဘေးကင်းလုံခြုံစေပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ လျှော့ချပေးဖို့ တာဝန်သိတဲ့ အလေ့အကျင့်တွေကို သင်ကြားပေးပါတယ်။ကျွန်တော်တို့ရဲ့ သင်ရိုးညွှန်းတမ်းကို အာဆီယံအရည်အချင်းစံချိန်စံညွှန်းတွေနဲ့အညီ လုပ်ထားတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းသင်တန်းက ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် လုပ်အားအင်အား လိုအပ်ချက်အား ဖြေရှင်းရာတွင် ကူညီပေးကြောင်း ၊ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း အသက်မွေးဝမ်း ကျောင်းပြုသူများက အလုပ်အကိုင်များ ပြောင်းလဲလုပ်ကိုင်သွားခဲ့ကြကြောင်း ၎င်းက ရှင်းပြခဲ့သည်။
“တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) ရဲ့ ငွေကြေး အထောက်အပံ့ကြောင့် သင်တန်းတွေကို အခမဲ့ပေးနိုင်ခဲ့ပါတယ်။ ဒါက သင်တန်းသားတွေအတွက် အများကြီး အကျိုးရှိပါတယ်”ဟု ဦးနိုင်ထူးအောင်က ရှင်းပြခဲ့သည်။
သင်တန်းတွင် တရုတ်ယဉ်ကျေးမှုနှင့် ပတ်သက်၍ သင်တန်းသားများကို သင်ကြားပေးခဲ့သည့်အတွက်ကြောင့် သင်တန်းသားများအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များနှင့် ပိုမိုကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းက စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းအတွက်မဟုတ်ဘဲ အဓိပ္ပာယ်ရှိသော ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအား မြှင့်တင်ပေးကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)