မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက် Bank of China ပညာသင်ဆုများ ချီးမြှင့်

Xinhua, December 16, 2024
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ကျင်းပသော Bank of China (BOC) ပညာသင်ဆုအစီအစဉ် ဆုချီးမြှင့်ခြင်းအခမ်းအနား၌ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)


Bank of China Hong Kong ရန်ကုန်ဘဏ်ခွဲက ရန်ကုန်တက္ကသိုလ်မှ မြန်မာကျောင်းသား/ကျောင်းသူဦးရေ ၁၀၀ အား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်အတွက် ပညာသင်ထောက်ပံ့ကြေးဆုများနှင့် ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ပွဲကို ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သည်။
Bank of China Scholarship Program က ၂၀၂၂ ခုနှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ်မှ ထူးချွန်သော ကျောင်းသား/ကျောင်းသူ ၃၀၀ ဦးကို ၎င်းတို့၏ ပညာသင်ယူမှုပြီးမြောက်စေရန်နှင့် ၎င်းတို့၏ အလုပ်အကိုင် စွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရှိရခြင်းအတွက် အလွန်ဝမ်းမြောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ma Jia က ဆုချီးမြှင့်ခြင်းအခမ်းအနား၌ ပြောကြားခဲ့သည်။
ကျောင်းသား/ကျောင်းသူများအနေဖြင့် စာကြိုးစားသင်ပြီး အရည်အချင်းများ တိုးမြင့်လာ၍ တတ်နိုင်သမျှ ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာအောင် မိဘများနှင့် လူ့အဖွဲ့အစည်းကို ပြန်ပြီးအကျိုးပြုကာ နိုင်ငံ၏တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အပံ့ပေးနိုင်မည်ဟု မျှော်လင့်မိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
Bank of China Hong Kong (Holdings) Limited ဒုတိယအမှုဆောင်အရာရှိချုပ် Li Tong က ပညာသင်ဆုများ အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသင်း (CFRD) ၏ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
BOC Hong Kong ရန်ကုန်ဘဏ်ခွဲအနေဖြင့် လူမှုရေးတာဝန်များကို တက်ကြွစွာထမ်းဆောင်ပြီး ပရဟိတလုပ်ငန်းဆောင်ရွက်မှုများကိုလည်း များစွာလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ ကျောင်းသား/ကျောင်းသူများကို ပညာသင်ဆုများ ချီးမြှင့်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာရေး၊ မြန်မာနိုင်ငံ စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူများဘဝတိုးတက်ကောင်းမွန်လာစေရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တက္ကသိုလ် ပါကမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်းက မြန်မာနိုင်ငံတွင် ပညာရေးအတွက် အခက်အခဲရှိနေသော၊ ပညာထူးချွန်သော ကျောင်းသား/ကျောင်းသူများအား လိုအပ်သည့် အကူအညီများပေးအပ်ခြင်းအတွက် Bank of China Hong Kong နှင့် CFRD တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
BOC ပညာသင်ဆုအစီအစဉ်က ကျောင်းသား/ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းသာမကဘဲ ကျောင်းသား/ကျောင်းသူများ၏ အရည်အသွေးမြှင့်တင်ခြင်းအပြင် စာသင်ခန်းပြင်ပအတွေ့အကြုံများရရှိစေရန် internship အစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသည့်အတွက် အလွန်ကောင်းမွန်သည့် လုပ်ငန်းအစီအစဉ်ဖြစ်ကြောင်း ၎င်းက ချီးကျူးပြောကြားခဲ့သည်။
ထို့ပြင် ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း BOC က ရှေ့ဆက်ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့ကျင့်ရေး၊ သင်တန်းအစီအစဉ်များတွင်လည်း ပါဝင်ကြရန် တိုက်တွန်းကြောင်း၊ ထိုကဲ့သို့ ပါဝင်ခြင်းအားဖြင့် ဗဟုသုတများ ရရှိနိုင်သည်သာမက အနာဂတ်လုပ်ငန်းခွင်အတွက်လည်း အတွေ့အကြုံများ ရရှိစေမည်ဖြစ်ကြောင်း ဒေါက်တာ တင်မောင်ထွန်းက ပြောခဲ့သည်။
ယခုကဲ့သို့ အစီအစဉ်သည် တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ပေါင်းကူးတံတားလည်း ဖြစ်စေမည်ဖြစ်ကြောင်း၊ ပညာသင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း ထူးချွန်ထက်မြက်သူများအဖြစ် ပိုမိုကြိုးစားပြီး နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ကြိုးစားစေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် ကျောင်းသား/ကျောင်းသူများအတွက် ဒီဇင်ဘာ ၆ ရက်တွင် ပေးအပ်ခဲ့သော BOC ပညာသင်ဆုအစီအစဉ်သည် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၁၀၀ အား ပညာသင်ထောက်ပံ့ကြေးဆု ၇၅ ခုနှင့် ပညာသင်ဆု ၂၅ ခု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

1  2  3  >