၂၀၂၄ ခုနှစ် ထိန်ချုံးသိပ္ပံပညာရှင်များဖိုရမ် - လန်ချန်း-မဲခေါင် ဒေသ သိပ္ပံနည်းပညာနှင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်များကို ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်အထိ ကူမင်းနှင့် ထိန်ချုံးတွင် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများမှ ကျွမ်းကျင်သူပညာရှင်များသည် လန်ချန်း-မဲခေါင် ဒေသ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသောကဏ္ဍများ ဖြစ်သည့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းဆေးပညာနှင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
ယခုအကြိမ်အစီအစဉ်များကို လန်ချန်း-မဲခေါင်ဒေသရှိ နိုင်ငံများအကြား အဓိကကျသော နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် တိုင်းရင်းဆေးပညာဖလှယ်ပွဲ၊ လန်ချန်း-မဲခေါင်ဒေသ လူငယ်သိပ္ပံပညာရှင်များ စားပွဲဝိုင်းဖိုရမ်နှင့် လန်ချန်း-မဲခေါင် အင်ဂျင်နီယာများဖိုရမ် ဟူသော အဓိကအပိုင်းသုံးပိုင်း ပါဝင်ကြောင်း သိရသည်။
လန်ချန်း-မဲခေါင် ဒေသတွင်း သိပ္ပံနည်းပညာ၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ကျင်းပစဉ်ကာလတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စတင်ဆောင်ရွက်ချိန်မှစ၍ အထင်ကရ အောင်မြင်မှုများ ဖော်ပြခဲ့ကြပြီး လန်ချန်း-မဲခေါင် ဒေသ တိုင်းရင်းဆေး နိုင်ငံတကာ စံချိန်စံညွှန်းများ ချမှတ်ရန် တရားဝင်အဆိုပြုရာ ၂၀၂၄ ခုနှစ်တွင် လန်ချန်း-မဲခေါင်ဒေသ တိုင်းရင်းဆေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ပြသခဲ့သည့်အပြင် လန်ချန်း-မဲခေါင်နှင့် အရှေ့တောင်အာရှ ဒေသတွင်း လူငယ်သိပ္ပံပညာရှင်များ ပူးပေါင်းဆောင်ရွက်ရေးကွန်ရက်ကို တည်ထောင်ရန် အဆိုပြုချက်အား တရားဝင် ထုတ်ပြန်ခဲ့သလို တရုတ်နိုင်ငံ အင်ဂျင်နီယာပူးတွဲအဖွဲ့နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့သည် အပြန်အလှန်အားဖြင့် အင်ဂျင်နီယာသစ်များအား အသိအမှတ်ပြုခဲ့ကြသည်။
ပထမအကြိမ်ဖိုရမ်ကို ၂၀၂၂ ခုနှစ်က စတင်ကျင်းပပြီးသည့်နောက် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဘရာဇီးနှင့် မက္ကဆီကိုအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ သိပ္ပံပညာရှင်များ၊ အဆင့်မြင့်ကျွမ်းကျင်သူများနှင့် အစိုးရအရာရှိများ ဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ဆောင်ရွက်မှုသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို နက်ရှိုင်းစေပြီး အဓိကနည်းပညာ အခက်အခဲကို ကျော်လွှားရန်၊ နည်းပညာလွှဲပြောင်းခြင်းနှင့် လူမှုယဉ်ကျေးမှု ဖလှယ်ခြင်း စသည့်ကဏ္ဍများတွင် တရုတ်နှင့် လန်ချန်း-မဲခေါင်ငါးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ မြှင့်တင်ခဲ့ပါသည်။