လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာအနုပညာဒီဇိုင်းပြိုင်ပွဲ ထူးချွန်လက်ရာပြပွဲ လာအိုနိုင်ငံတွင် ကျင်းပ

lmcchina.org, December 6, 2024
Size:

“လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာအနုပညာဒီဇိုင်းပြိုင်ပွဲ ထူးချွန်လက်ရာပြပွဲ”ကို နိုဝင်ဘာလ ၂၇ ရက်က လာအိုနိုင်ငံတွင် ကျင်းပခဲ့သည်။ တရုတ်နှင့် လာအိုနိုင်ငံတို့၏ အနုပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာသမားများအပါအဝင် ကဏ္ဍပေါင်းစုံမှ ဧည့်သည်တော် တစ်ရာနီးပါးသည် တစ်စုတစ်စည်းတည်း ကြီးကျယ်ခမ်းနားသောအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ်ပြပွဲတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာအနုပညာဒီဇိုင်းပြိုင်ပွဲ ယခင်ဆုရထူးချွန်လက်ရာများနှင့် ယခုနှစ် ပါဝင်သော ထူးချွန်လက်ရာအချို့အပါအဝင် စုစုပေါင်း ၅၀ ကျော်ကို ပြသထားပြီး လာအိုအမျိုးသားပန်းချီကောလိပ်မှ ကျောင်းသားကျောင်းသူများ၏ လက်ရာအချို့ကို ပြပွဲတွင် ပါဝင်ရန် အထူးဖိတ်ကြားထားသည်။ ဤအနုပညာလက်ရာများသည် တရုတ်၊ လာအိုနှင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ အနုပညာအနှစ်သာရမျိုးစုံ အနုပညာဖန်တီးမှုနှင့် စွမ်းရည်များကို ပြသထားခြင်း ဖြစ်ရာ ဒေသတွင်း ယဉ်ကျေးမှုနှင့် အနုပညာများ သာယာဝပြောရေးအတွက် အားသစ်လောင်းကာ လန်ချန်း-မဲခေါင်နိုင်ငံများ၏ ပြည်သူများစိတ်ချင်းယှက်နွယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေး၏ သာယာလှပသော အနာဂတ်ကို ထင်ဟပ်ဖော်ပြခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာအနုပညာဒီဇိုင်းပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် မှစတင်၍ ငါးနှစ် ဆက်တိုက်ကျင်းပလာခဲ့ပြီး ယခုအခါ လန်ချန်း-မဲခေါင်ဒေသတွင်း ကျော်ကြားမှုနှင့် လွှမ်းမိုးမှု မြင့်မားသော နိုင်ငံတကာအနုပညာဒီဇိုင်းပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါသည်။