တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ကူမင်းမြို့၌ ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၈ ကြိမ်မြောက် ခေါင်းဆောင်များအစည်းအဝေးသို့ နိုဝင်ဘာ ၇ ရက်က တက်ရောက်ခဲ့သလို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် အစိုးရခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌတို့လည်း တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် “မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၈ ကြိမ်မြောက် ခေါင်းဆောင်များအစည်းအဝေး ကြေညာချက်”နှင့် “မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၂၀၃၀ ပြည့်နှစ် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” စသည့် အောင်မြင်မှုရလဒ်စာချုပ်များကို အတည်ပြုခဲ့သည်။
လီချန်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အောက်ပါအကြံပြုချက်လေးချက်ကို အဆိုပြုခဲ့သည်။
ပထမအချက်မှာ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်ရာ ပို၍ အဆင့်မြင့်၊ ပို၍ ပမာဏကြီးမားသည့် နှစ်ဖက်တံခါးဖွင့်လှစ်မှုကို အတူတကွ တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်မှုပုံစံ ဒေသတွင်း စီးပွားရေးမူဘောင် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ကာ ပိုမို ထိရောက်မှု၊ ပိုမို သက်ဝင်အားကောင်းသည့် စူပါအကြီးစားဈေးကွက်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒုတိယအချက်မှာ ဆန်းသစ်တီထွင်မှု၏ ဦးဆောင်မှုကို ပေါ်လွင်အောင် ဆောင်ရွက်ခြင်း၊ ဆန်းသစ်ဖန်တီးမှု မူဝါဒ ချိတ်ဆက်တွဲဖက်ဆောင်ရွက်မှုများကို အားဖြည့်ခြင်း၊ ဆန်းသစ်ဖန်တီးမှု အဓိကအကြောင်းအရာများ စီးဆင်းမှုကို မြှင့်တင်ခြင်း၊ ဆန်းသစ်တီထွင်မှု ရလဒ်များကို လက်တွေ့အသုံးပြုသောအသွင်သို့ အရှိန်မြှင့် ပြောင်းလဲခြင်းဖြင့် ဆန်းသစ်တီထွင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးများကို ပိုမိုနက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ရေး အာမခံပံ့ပိုးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တတိယအချက်မှာ အပြန်အလှန် ပေါင်းစည်းဆက်သွယ်မှုကဏ္ဍ တည်ဆောက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း စသည့် အခြေခံအဆောက်အဦ “hard connectivity”ကို ထဲထဲဝင်ဝင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သလို မူဝါဒ၊ ဥပဒေ၊ ကြီးကြပ်စီမံမှု၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်း စသည့် ကဏ္ဍ “soft connectivity”ကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု၊ မိမိငွေကြေးဖြင့် စာရှင်းတမ်းပြုရာတွင် အဆင်ပြေလွယ်ကူမှုကို ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုစံပြဇုန် တက်ကြွစွာ တည်ဆောက်၍ ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ဖြစ်စဉ်ကို အရှိန်မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စတုတ္ထအချက်မှာ နီးကပ်စွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရန်၊ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကျင့်သုံးရန်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ မြစ်ဝှမ်းဒေသ ၃ ခု ယန္တရား၊ မဲခေါင်မြစ်ကော်မရှင် စသည့် ယန္တရားများ ညှိနှိုင်းဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် တွန်းအားပေးရန်၊ အားလုံး ပါဝင်ပြီး အပြန်အလှန် အားဖြည့်ပေးသည့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုပတ်ဝန်းကျင်ကို တည်ဆောက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပါဝင်တက်ရောက်သော နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းဌာနများ၏အကြီးအကဲများက ကုန်သွယ်စီးပွား၊ စိုက်ပျိုးရေး၊ အပြန်အလှန် ချိတ်ဆက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ လူမှုယဉ်ကျေးမှု စသည့်ကဏ္ဍများ၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန် သဘောတူညီခဲ့ကြသည်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်ကလည်း တရုတ်နိုင်ငံအနေဖြင့် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံကို မျက်နှာမူသော “လန်ချန်း-မဲခေါင် ဗီဇာ” ထုတ်ပေးသွားမည် ဖြစ်ပြီး သတ်မှတ်တောင်းဆိုချက်နှင့် ကိုက်ညီမှု ရှိသော စီးပွားရေးသမားများအတွက် တရုတ်နိုင်ငံသို့ အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သော ၅ နှစ် သက်တမ်း ရှိသည့်ဗီဇာကို စိစစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။