အောက်တိုဘာ ၄ ရက်က ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်မြို့ရှိ တိုင်လူမျိုးဥယျာဥ်တွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးမှ ဓာတ်ပုံဆရာ ၅၀ ကျော်၏ လက်ရာအစုံပေါင်း ၁၀၀ ကျော်ကို ပြသလျက်ရှိသည်။ အဆိုပါလက်ရာအကြောင်းအရာတွင် အမျိုးသားယဉ်ကျေးမှု၊ သဘာဝရှုခင်းများ၊ လူမှုယဉ်ကျေးမှုဓလေ့ထုံးတမ်းများ စသည်တို့ ပါဝင်ပြီး မြို့သူမြို့သားများနှင့် ခရီးသွားများကို ငေးမောကြည့်ရှုရအောင် ဆွဲဆောင်ခဲ့သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၃၀ ရက်အထိ ၁၂ ကြိမ်မြောက် "မြစ်ကြီးတစ်စင်း" ရှစ်ဆောင်ပဏ္ဏား နိုင်ငံတကာ ဗီဒီယိုနှင့် ဓာတ်ပုံပြပွဲကို ကျင်ဟုန်မြို့ရှိ နေရာများစွာတွင် ကျင်းပမည် ဖြစ်ပါသည်။ ၁၂ ကြိမ်မြောက် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများဆိုင်ရာ ယဥ်ကျေးမှု အနုပညာပွဲတော်၏ လှုပ်ရှားမှုများအနက် တစ်ခု ဖြစ်သည့် ဗီဒီယိုနှင့် ဓာတ်ပုံပြပွဲသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို မျက်နှာမူသော ယဉ်ကျေးမှု ဖလှယ်သည့် ပလက်ဖောင်းအဖြစ် တည်ဆောက်ထားပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ လက်ရာမြောက်ဗီဒီယိုနှင့် ဓာတ်ပုံများကို ကမ္ဘာသို့ ပြသထားသည်။ ပြခန်းတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာတစ်ဦးက မြန်မာ့ရိုးရာပြဇာတ်နှင့် မြန်မာ့သတ္တုတွင်းလုပ်သားများ၏ဘဝများကို ရုပ်ပုံလွှာဖြင့် ပြသခဲ့သလို ထိုင်းနိုင်ငံမှ ဓာတ်ပုံဆရာများသည် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များနှင့် ဖူးခက်ကျွန်းတွင် နေထိုင်သော ထိုင်းနိုင်ငံသား တရုတ်နွယ်ဖွားများပုံရိပ်များကို ပရိသတ်အား ပြသထားသည်။ ထို့အပြင် ဗီယက်နမ် ဓာတ်ပုံဆရာများ ရိုက်ထားသော မဲခေါင်မြစ်ဈေး၊ ကမ္ဘောဒီးယား ဓာတ်ပုံဆရာများ၏ ကင်မရာဖြင့် ရိုက်ကူးထားသော “မဲခေါင်မြစ်ဝှမ်းတွင် နေထိုင်ကြသူများ၏ပုံရိပ်များ” ကိုလည်း ပြသသည်။
လန်ချန်း-မဲခေါင် ယဉ်ကျေးမှု အနုပညာပွဲတော်ကို ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်မြို့၌ အောက်တိုဘာ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။ လန်ချန်း-မဲခေါင်နိုင်ငံများမှ အနုပညာရှင် ၃၀၀ ကျော်သည် ယဉ်ကျေးမှုအနုပညာဖလှယ်ရန်နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရန် ရှစ်ဆောင်ပဏ္ဏားတွင် စုဝေးခဲ့ကြသည်။