၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိအစည်းအဝေးသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စွန်းဝေ့တုန်း ပါဝင်တက်ရောက်

lmcchina.org, August 16, 2024
Size:

၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိအစည်းအဝေးကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်က ဗီဒီယိုလင့်ခ်ဖြင့် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲဥက္ကဋ္ဌနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စွန်းဝေ့တုန်းနှင့် ထိုင်းနိုင်ငံ အဆင့်မြင့်အရာရှိ လုကျီကုန့်တို့က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံများ၏ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ၆ နိုင်ငံစလုံးက လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ပူပေါင်းဆောင်ရွက်မှု နောက်ထပ်ခြေလှမ်းများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၉ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ဆင်မှုများကို အဓိကထား၍ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

စွန်းဝေ့တုန်းက ယခုနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ဒုတိယမြောက် ၅ နှစ်စီမံကိန်း၏ အဖွင့်နှစ် ဖြစ်ကြောင်း၊ စတုတ္ထအကြိမ်မြောက် LMC ခေါင်းဆောင်များအစည်းအဝေးနှင့် ၈ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ အရေးကြီးသဘောတူညီချက်များကို  ၆ နိုင်ငံအတူ သေချာ အကောင်အထည်ဖော်ဆောင်၍ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ တိုးချဲ့ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

စွန်းဝေ့တုန်းက ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၏ အရေးကြီးအကြောင်းအရာများနှင့် ရလဒ်များကို  မိတ်ဆက်ပြောကြားခဲ့သည်။ ရှုပ်ထွေးပြောင်းလဲနေသည့်ကမ္ဘာကြီးကို ရင်ဆိုင်ရာမှာ တရုတ်နိုင်ငံသည် မျက်နှာစုံညီအစည်းအဝေး၏စိတ်ဓာတ်ကို လမ်းညွှန်မှုအဖြစ် ထားရှိကာ တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲခြင်းဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် နက်နက်ရှိုင်းရှိုင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သလို ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုနှင့် အစိမ်းရောင်းဆန်းသစ်ဖွံ့ဖြိုးရေးကို အတူမြှင့်တင်သွားမည် ဖြစ်ကြောင်း၊ စုပေါင်းအင်အားဖြင့် သမားရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများကို ရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စံပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် ရှေ့ပြေးဇုန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် စမ်းသပ်ဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် ပထမဆုံး ပြည့်စုံသည့်ဇုန်များကို အတူတည်ဆောက်သွားမည် ဖြစ်ပြီး လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်သည့် နိုင်ငံအသီးသီးကလည်း ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဂုဏ်ပြုကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်သည့် ၈ နှစ်ကြာကာလ၌ ရရှိခဲ့သော တိုးတက်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း၊ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေမှ နိုင်ငံအသီးသီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူ့လူနေမှုဘဝကောင်းမွန်ရန် အရေးကြီးသည့်ပံ့ပိုးမှု ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြသည်။ ထို့အပြင် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်၊ နက်ရှိုင်းစွာ လက်တွေ့ပူးပေါင်းဆောင်ရွက်ရန်၊ ဒုတိယ ၅ နှစ်တာ လှုပ်ရှားမှုအစီအစဉ်များ လက်တွေ့အတူဖော်ဆောင်ကာ မြစ်ဝှမ်းတစ်လျှောက် လူထုအကျိုးကို သယ်ပိုးသွားလိုကြောင်း အစည်းအဝေးတက်ရောက်သည့်နိုင်ငံအသီးသီးက ပြောကြားခဲ့ကြသည်။