လန်ချန်း-မဲခေါင်မြစ်ရေအရင်းအမြစ် ပူးတွဲလေ့လာရေးလှုပ်ရှားမှုကို ဇူလိုင် ၁၅ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်တွင် ကျင်းပခဲ့သည်။ “ဒီတစ်ကြိမ် လေ့လာရေးရဲ့ရည်ရွယ်ချက်က တရုတ်နိုင်ငံအနေနဲ့ လန်ချန်းမြစ်ကမ်းတစ်လျှောက် ဖွံ့ဖြိုးရေးနဲ့ ဂေဟ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်မှုအပေါ် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံ ပိုမို သိရှိနားလည်စေဖို့ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်လေ၊ ကိုယ်တိုင်မြင်မှ သိမှာကိုး”ဟု လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုစင်တာ လေ့ကျင့်ရေးနှင့် ပြန်ကြားရေးဌာနခွဲ ဌာနခွဲမှူး ချိန်တုန်းစိန်းက လေ့လာရေးခရီးတွင် ပြောကြားခဲ့သည်။
“လန်ချန်း-မဲခေါင်မြစ်ဝှမ်းက ရာသီဥတု ပြောင်းလဲမှုကို သိသိသာသာ ခံရတဲ့ဒေသတွေထဲက တစ်ခုပါ။ မိုးခေါင်ရေရှားမှုနဲ့ ရေကြီးရေလျှံမှုတွေရဲ့ခြိမ်းခြောက်မှုကို မကြာခဏ ခံရလို့ ဒေသခံပြည်သူတွေရဲ့နေထိုင်မှုဘဝနဲ့ စီးပွားရေးတိုးတက်မှုအပေါ် ဆိုးရွားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်”၊ “ဒါကြောင့်မို့လို့လည်း မြစ်ဝှမ်းတစ်ပြင်လုံး ရေကြီးရေလျှံမှု ကာကွယ်ရေးနဲ့ မိုးခေါင်ရေရှားမှုခုခံရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍက အထူးအရေးပါတာပေါ့”ဟု ချိန်တုန်းစိန်းက ပြောကြားခဲ့သည်။
သို့သော် လန်ချန်းမြစ်တွင် တရုတ်နိုင်ငံ၏လှုပ်ရှားမှုအပေါ် အနောက်တိုင်းမီဒီယာများ၏ သတင်းဖော်ပြမှုကြောင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများက အထင်လွဲမှားမှုများ ရှိနေကြသည်။ အချို့သတင်းများတွင် တရုတ်နိုင်ငံ ပြုပြင်တည်ဆောက်သည့်တာတမံများကြောင့် ရေကြောင်းပို့ဆောင်ရေးနှင့် ရေအရည်အသွေးကို သက်ရောက်မှု ရှိပြီး မိုးခေါင်ရေရှားဖြစ်ပွားစေကြောင်း ဖော်ပြကြသည်။ လက်တွေ့တွင်မူ လန်ချန်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ်သည် ရေကို ဖြုန်းတီးခြင်း မဟုတ်ဘဲ သိပ္ပံနည်းကျ မြစ်ရေစီးကြောင်းကို ချိန်ညှိခြင်း ဖြစ်သည်။ ထိုရေအားလျှပ်စစ်စက်ရုံများ၏ ရေသိုလှောင်မှုသည် ရေကြီးရေလျှံသည့်ကာလတွင် ရေစီးဆင်းမှုပမာဏ လျော့နည်းစေပြီး ရေခန်းခြောက်သည့်ကာလတွင် ရေစီးဆင်းမှုပမာဏကို တိုးပွားစေကြောင်း၊ ဤသို့ ချိန်ညှိထိန်းချုပ်သည့်နည်းလမ်းက မဲခေါင်မြစ် ရေခန်းခြောက်သည့်ကာလတွင် ရေအမှတ်ကို မြှင့်တင်နိုင်သလို ရေကြီးကာလတွင် ရေကြီးရေလျှံမှုဖိအားကို လျှော့ချနိုင်ရာ ဒေသခံများ၏စားဝတ်နေရေးကို ကောင်းမွန်အောင် ဆောင်ရွက်ပေးကြောင်း ချိန်တုန်းစိန်းက ရှင်းလင်းပြောကြားခဲ့သည်။
“ဥပမာ- သဘာဝအခြေအနေအောက်မှာ မြစ်ကြေ ရေခန်းခြောက်ကာလရဲ့ရေစီးဆင်းမှုပမာဏက တစ်စက္ကန့်ကို ၃၀၀-၄၀၀ ကုဗမီတာသာ ရှိနိုင်မယ်၊ ဒါပေမဲ့ ရေစီမံထိန်းသိမ်းမှုနည်းနဲ့ ချိန်ညှိထိန်းချုပ်မယ်ဆိုရင် ရေစီးဆင်းမှုပမာဏက တစ်စက္ကန့်ကို ၁၅၀၀ ကုဗမီတာအထိ ရှိနိုင်တယ်”ဟု ၎င်းက ဆိုသည်။
လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုသည် ရေကြီးရေလျှံကာကွယ်မှုနှင့် မိုးခေါင်ရေးရှားခုခံမှုကဏ္ဍတွင် သိသာထင်ရှားသည့်အောင်မြင်မှုရလဒ်များ ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများတွင် ပြည်သူ့အသက်မွေးဝမ်းကျောင်း သရုပ်ပြစီမံကိန်း ၅၀ ကျော် ဆောင်ရွက်ခဲ့ရာ ကျေးလက်ရေပေးဝေမှု ဖူလုံရေး၊ မြစ်ဝှမ်းဒေသငယ်ဘက်စုံ စီမံခန့်ခွဲမှု၊ ဆည်တာတမံ ဘေးကင်းရေး စောင့်ကြည့်စမ်းသပ်မှု၊ လူပုဂ္ဂိုလ်မွမ်းမံသင်တန်းစသည်တို့ ပါဝင်ပေသည်။ အဆိုပါစီမံကိန်းများသည် ဒေသခံလူထုအတွက် လက်တွေ့အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးခဲ့သည်။ ၎င်းတို့အနက် တရုတ်နိုင်ငံအစိုးရ ပံ့ပိုးကူညီသော ”လန်ချန်း-မဲခေါင် စမ်းချောင်းရေချိုလှုပ်ရှားရေးအစီအစဉ်”သည် မဲခေါင်မြစ်နိုင်ငံများတွင် ကျေးလက်ရေပေးဝေမှုဖူလုံရေးစံပြနေရာ ၆၀ ကျော် တည်ဆောက်ထားပြီ ဖြစ်ရာ ဒေသခံ ၁ သောင်းကျော်အတွက် လုံခြုံဘေးကင်းသောသောက်သုံးရေကို ပံ့ပိုးနိုင်ခဲ့ပါသည်။
လန်ချန်း-မဲခေါင် ရေအားလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပြည်သူများ၏ အကျိုးစီးပွားကို တိုးပွားစေခဲ့သည်။ ချိန်တုန်းစိန်းက “လန်ချန်း-မဲခေါင်နိုင်ငံတွေ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက်က စွမ်းအင်ပမာဏ အများအပြား လိုအပ်ပါတယ်။ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာ အတိုင်းအတာတစ်ခုအထိ စွမ်းအင်လိုအပ်ချက် ရှိကြတယ်။ ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ခြင်းက ဒီလိုအပ်ချက်ပြဿနာတွေကို အများကြီးလျော့နည်းစေနိုင်တယ်”ဟု ဆိုသည်။
ရေအရင်းအမြစ်ဖော်ဆောင်ခြင်းနှင့် ဂေဟစနစ် ကာကွယ်ထိန်းသိမ်းခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်ရမည်ဟု ချိန်တုန်းစိန်းက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်သည် ယန်ဇီမြစ်၊ မြစ်ဝါမြစ်၊ လန်ချန်းမြစ်ဟူသောမြစ်ကြီးသုံးစင်း၏ မြစ်ဖျားခံရာဒေသ(ဆန်းကျန်းယွမ်) ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဆန်းကျန်းယွမ် အမျိုးသားဥယျာဉ် တည်ဆောက်ပြီးနောက် ပျက်စီးယိုယွင်းနေသည့် မြက်ခင်းပြင် မို (တရုတ်ဧက) ၁.၉၅ သန်းသည် ပြန်လည်ရှင်သန်ကောင်းမွန်လာမှု၊ သဲကန္တရမြေကာကွယ်စီမံမှု မို (တရုတ်ဧက) ၁ သိန်း၊ ရှီးဇန့်ဒရယ်အုပ်သည် ၂ သောင်း မပြည့်ရာမှ ၇ သောင်းကျော်အထိ တိုးပွားလာခဲ့သည်။
ထို့အပြင် လန်ချန်း-မဲခေါင်ခြောက်နိုင်ငံသည် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက်မျှဝေရေးပလက်ဖောင်းကို အတူကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပေသည်။ ၂၀၀၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံ ရေအရင်းအမြစ်ရေးရာဝန်ကြီးဌာနက မဲခေါင်မြစ်ရေးရာကော်မတီ အတွင်းရေးမှူးဌာနသို့ လန်ချန်း-မဲခေါင်မြစ်ဝှမ်း ရေကြီးကာလ ဇလဗေဒ အချက်အလက်များကို အချိန်မှန် ပံ့ပိုးပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစ၍ တစ်နှစ်ပတ်လုံး ဇလဗေဒအချက်အလက်များကို ပံ့ပိုးပေးခဲ့သည်။