လန်ချန်း-မဲခေါင်ခြောက်နိုင်ငံ လန်ချန်းမြစ်၏အရင်းအမြစ်အား အတူပူးတွဲလေ့လာရေးခရီးစဉ်ကို ဇူလိုင် ၁၅ ရက်က တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်တွင် စတင်ခဲ့သည်။ လေ့လာရေးခရီးစဉ်တွင် မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံ ကိုယ်စားလှယ်များသည် မြစ်ဝှမ်းတစ်လျှောက်အတွေ့အကြုံများနှင့် အမြင်များကို ပြောကြားခဲ့ကြသည်။
Paradis Someth
ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်ကော်မတီ အတွင်းရေးမှူးရုံး တာဝန်ခံ ဇလဗေဒနှင့် နည်းပညာ ပညာရှင် Paradis Someth က လန်ချမ်းမြစ်ဝှမ်းရှိ တရုတ် ရေအားလျှပ်စစ်စီမံကိန်း၏ အရေးကြီးပုံကို အလေးထားပြောကြားခဲ့သည်။ လန်ချန်းမြစ်ဝှမ်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် မသင့်တော်သော်လည်း ရေအားလျှပ်စစ်အရင်းအမြစ်ဖော်ထုတ်ရန်အတွက် ကြီးမားသော အလားအလာ ရှိသည်ဟု ၎င်းက ဆိုသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြီးမြောက်ခဲ့သည့် “လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဇလဗေဒ အခြေအနေ ပြောင်းလဲမှုများနှင့် ၎င်းတို့၏ လိုက်လျောညီထွေမှု ရှိသော မဟာဗျူဟာများဆိုင်ရာ ပူးတွဲလေ့လာမှု” ပထမအဆင့်လုပ်ငန်းများတွင် ၎င်းအနေဖြင့် အချက်အချာကျသည့်ညှိနှိုင်းမှုကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း Someth က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပူးတွဲ သုတေသန လုပ်တာက အခုဆို ဒုတိယအဆင့် ရှိပါပြီ၊ ဒါက လန်ချန်း-မဲခေါင်မြစ်ဝှမ်းအတွက် ပိုပြီး များပြားတဲ့ ဇလဗေဒအချက်အလက်တွေ ပံ့ပိုးပေးနိုင်ပါလိမ့်မယ်”၊ ထိုသို့ သုတေသပြုမှုသည် ယခုနှစ်များအတွင်း ကမ္ဘောဒီယားရှိ Tonlé Sap ရေကန် ရေအမှတ်နိမ့်မှုပြဿနာကို ဖြေရှင်းရာမှာ အထောက်အပံ့ ဖြစ်ပါလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
Sivannakone Malivarn
လာအိုနိုင်ငံ အမျိုးသား မဲခေါင်မြစ်ဝှမ်းကော်မတီ ဒုတိယအတွင်းရေးမှူးချုပ် Sivannakone Malivarn က လန်ချန်းမြစ် ရေအားလျှပ်စစ်စီမံကိန်း၏အရေးကြီးမှုကို အလေးထားပြောကြားခဲ့သည်။ Malivarn အနေဖြင့် အစက လန်ချန်းမြစ်ဝှမ်း တရုတ်ရေအားလျှပ်စစ်စီမံကိန်း၏ သက်ရောက်မှုအပေါ် သံသယ ရှိပြီး ရေပမာဏ လျော့နည်းသွားမည်ကို စိုးရိမ်မှု ရှိခဲ့ကြောင်း၊ ထို့နောက် ပူးတွဲလေ့လာသည့်ကာလတွင် အချက်အလက်များကို သိရှိခဲ့ရပြီးနောက် ဤစီမံကိန်းများသည် ရေစီးဆင်းမှုကို ထိန်းညှိပေးနိုင်ပြီး မြစ်ကြေဒေသ ရေကြီးမှုကို ကာကွယ်နိုင်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံက လာအိုနိုင်ငံသို့ ကူညီတည်ဆောက်ပေးသော Nam Ngum 4 ရေအားလျှပ်စစ်စက်ရုံသည် လာအိုနိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။
Chaona Suppanut
ထိုင်းနိုင်ငံ အမျိုးသား ရေအရင်းမြစ်ရေးရာရုံးမှ Chaona Suppanut က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ရေအရင်းအမြစ် ထိရောက်စွာ စီမံခန့်ခွဲမှု၌ မရှိမဖြစ် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ဇလဗေဒအချက်အလက်များကို မျှဝေမှု၏ အရေးကြီးပုံကို အလေးထားပြောကြားခဲ့ရာ ၎င်းမှာ ထိုင်းနိုင်ငံ စသည့် မဲခေါင်မြစ် မြစ်ကြေပိုင်းနိုင်ငံများ အခြေအနေများကို ပိုမိုနားလည်စေရန် အထောက်အပံ့ ဖြစ်စေသလို အနာဂတ် ရေအသုံးပြုမှုအတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်စေကြောင်း Chaona Suppanut က ပြောကြားခဲ့သည်။ ရေရှည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဤလုပ်ငန်းတွင် လူငယ်မျိုးဆက်များ ပါဝင်ရန် လိုအပ်ကြောင်း၊ “မျိုးဆက်အဆက်ဆက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပြုပြင်ပြောင်းလဲမှုရဲ့ အကြီးဆုံးအင်အားလို့ ကျွန်တော် ထင်တယ်”ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။
Tin Yu Ya Swe
တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး မဟာသိပ္ပံဘွဲ့ ပညာ သင်ယူနေသည့် မြန်မာနိုင်ငံမှ တင်ယုယဆွေက “ကျွန်မ သင်ယူချင်ဆုံးက တရုတ်ရဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်ပါပဲ၊ ဒီနည်းလမ်းတွေနဲ့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ လယ်ယာစိုက်ပျိုးရေး တိုးတက်အောင် ဆောင်ရွက်ချင်တယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းက လယ်ယာစိုက်ပျိုးရေးကို အားထားရတာပါ”ဟု ပြောကြားခဲ့သည်။ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ တရုတ်နိုင်ငံ ရရှိခဲ့သည့်အောင်မြင်မှုများကို လေးစားကြောင်း၊ ယင်းတို့တွင် သင်ယူလေ့လာထိုက်သည့်အရာများ အများအပြား ရှိသည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
Nguyen Dinh Dat
ဗီယက်နမ် မဲခေါင် အမျိုးသားကော်မတီ၏ Nguyen Dinh Dat က လန်ချန်း-မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်၏ လက်တွေ့အကျိုးကို ထပ်မံအလေးထားပြောကြားခဲ့သည်။ မူအားဖြင့် ဆိုရလျှင် ဤရေလှောင်တမံများသည် ရေကြီးရေလျှံသည့်ကာလတွင် ရေသိုလှောင်နိုင်ပြီး မိုးခေါင်ရေရှားကာလတွင် ရေလွှတ်ပေးနိုင်ကြောင်း၊ ၂၀၁၆ ခုနှစ် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့် မိုးခေါင်ရေရှားမှုများက ဗီယက်နမ်အပါအဝင် မဲခေါင်မြစ်ဝှမ်းနိုင်ငံအများအပြားကို ရိုက်ခတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရသည် မြစ်ညာရှိ ရေလှောင်တမံမှ ရေလွှတ်ပေးမှုကြောင့် မိုးခေါင်ရေရှားဖြစ်ပွားမှုကို လျော့နည်းစေခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ ရေအရင်းအမြစ် စီမံခန့်ခွဲမှုသည် ရေပံ့ပိုးမှု၊ စားနပ်ရိက္ခာဖူလုံးမှုနှင့် စီးပွားရေးထုတ်လုပ်မှု စသည့် ကဏ္ဍများအတွက် အရေးကြီးပြီး ၎င်းမှာ ပြည်သူ့စားဝတ်နေရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေကြောင်း Nguyen Dinh Dat က အလေးထားပြောကြားခဲ့သည်။