၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း သဘောတူစာချုပ်ကို တရုတ်-မြန်မာနှစ်နိုင်ငံ လက်မှတ်ရေးထိုး

lmcchina.org, June 21, 2024
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေပံ့ပိုးမှုဖြင့် ဖော်ဆောင်မည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံစီမံကိန်းများ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့က တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့သည်။

အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က ယနေ့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံစီမံကိန်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမှာ စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေးမှ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သည့် အရေးကြီးလုပ်ဆောင်ချက် ဖြစ်သည့်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၄ နှစ်တစ်လျှောက် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်စေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသောပါဝင်သူ၊ တွန်းအားပေးသူနှင့် အကျိုးခံစားသူ ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာကြီးထွားလာစေရန် အတူတကွ ဖော်ဆောင်ပြီး ပိုမိုနီးကပ်သော၊ ငြိမ်းချမ်း၍ စည်ပင်ဝပြောသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်စီမံကိန်းအား သေချာကောင်းမွန်စွာ ဆက်လက်ဖော်ဆောင်ပြီး ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် မြန်မာနိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းသွားစေလိုကြောင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံမှ အရင်းအနှီး စိုက်ထုတ်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ ထူထောင်ပြီး မြန်မာနိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ပြည်သူများလူနေမှုဘဝ ကောင်းမွန်လာစေရေးကို ထိရောက်စွာ အကျိုးပြုရန် ကူညီပေးမှုကို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူကိုယ်စား ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် အစဉ်အလာအလိုက် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်သည် ကြာရှည်သော်လည်း ကောင်းမွန်နေဆဲ ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၄ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် တစ်နေ့တ‌ခြား ပိုမိုရင်းနှီးလာပြီး မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် မိတ်ဖက်နိုင်ငံများနှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်ဝပြောရေးတို့ကို အတူတကွ မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် လက်မှတ်ရေးထိုးခဲ့သည့်စီမံကိန်း ၁၂ ခုသည် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်မှု စသည့်နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကူညီပံ့ပေးပေးမည် ဖြစ်သည်။