"၂၀၂၄ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရက်သတ္တပတ်" အစိမ်းရောင် လန်ချန်း-မဲခေါင် စီမံကိန်း ဖြစ်သည့် ကာဗွန်နည်းနှင့် ရေရှည် အခြေခံအဆောက်အအုံဆိုင်ရာအသိပညာ မျှဝေခြင်း စကားဝိုင်း ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် မေလ ၂၈ ရက်က ကျင်းပခဲ့သည်။
ထိုင်းနိုင်ငံ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးမှ အာဆီယံနှင့် ဒေသတွင်းရေးရာဌာနခွဲမှူး Narumon Olis က ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး၊ စိမ့်မြေအစွမ်းသတ္တိကောင်းမွန်လာအောင် ပြန်လည်ပြုပြင်ရေးနှင့် ရပ်ရွာစာသင်ကျောင်းများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာမြှင့်တင်ရေးတို့တွင် ထိုင်းနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေခဲ့သည်။ “လန်ချန်း-မဲခေါင်ဒေသခြောက်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆွေးနွေးပွဲများ၊ အပြန်အလှန် သင်ယူလေ့လာဖလှယ်မှုတွေကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြရာ သဘောတူညီမှုများစွာ ချမှတ်ခဲ့တယ်”ဟု ၎င်းက ပြောကြားသည်။
လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံသည် "လန်ချန်း-မဲခေါင်ဒေသအတွက် ရေရှည် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးနှင့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှု သုတေသန"၊ တရုတ်-လာအို သယ်ယူပို့ဆောင်ရေးစင်္ကြံနှင့် ဂေဟစနစ်စင်္ကြံ တည်ဆောက်မှုအား အဝေးအာရုံခံစနစ်ဖြင့် စောင့်ကြည့်ခြင်းဆိုင်ရာသုတေသန”နှင့် "ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေးနှင့် လေထုအရည်အသွေး မြှင့်တင်ရေး ပူးပေါင်းလေ့လာရန်သုတေသန"ကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍရပ်ပေါင်း ၄၀ ကျော်ကို ပူးတွဲပြုလုပ်ခဲ့သည်။
“ဒီပူးတွဲလေ့လာမှုများရဲ့ရလဒ်တွေက လန်ချန်း-မဲခေါင်နိုင်ငံအစိုးရများရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော်ဖို့နဲ့ ရေရှည်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့တို့အတွက် အသေးစိတ်အကြုံပြုမှုတွေ ရှိပါတယ်”ဟု လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုစင်တာမှ ကျွမ်းကျင်သူအကြီးအကဲ လီရှားက ပြောကြားခဲ့ပါသည်။
ထို့အပြင် လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟစနစ်ဆိုင်ရာစီမံခန့်ခွဲမှု လိုအပ်ချက်များကို ပေါင်းစပ်ပြီး ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ကျကျ မြှင့်တင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြည်သူ့အကျိုးပြု ရှေ့ပြေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများစွာကို မိတ်ဖက်များနှင့် ဆောင်ရွက်ခဲ့ပါသည်။
လာအို-တရုတ်နယ်စပ်မှာ ဇီဝမျိုးစုံမျိုးကွဲများ ပူးတွဲကာကွယ်စောင့်ရှောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကာကွယ်ရေးနယ်မြေတစ်ခု ထူထောင်ခဲ့ပါတယ်ဟု လာအို သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်စတီကျု၏ ဒါရိုက်တာ Lyanese Boumannivan က မိတ်ဆက်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် လာအို-တရုတ် လေထုပတ်ဝန်းကျင် အလိုအလျောက် ရှေ့ပြေးစီမံကိန်း ဗီဒီယိုကို ၎င်းက ပြသခဲ့သည်။ အဆိုပါစီမံကိန်း၏ အီလက်ထရွန်းနစ် ဖန်သားပြင်ကြီးကို ဗီယင်ကျန်းမြို့လယ်တွင် တပ်ဆင်ထားပြီး လေထုအတွင်း လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်များကို လာအိုပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ပြသထားသည်။