၂၀၂၄ ခုနှစ် ရေအရင်းအမြစ်ကဏ္ဍ “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”လှုပ်ရှားမှု ပေကျင်းမြို့တွင် အောင်မြင်စွာ ကျင်းပ

lmcchina.org, April 30, 2024
Size:

၂၀၂၄ ခုနှစ် ရေအရင်းအမြစ်ကဏ္ဍ “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”လှုပ်ရှားမှုကို ဧပြီ ၂၆ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ ပါဝင်သူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ်

 

၂၀၂၄ ခုနှစ် ရေအရင်းအမြစ်ကဏ္ဍ “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”လှုပ်ရှားမှုကို “ခေါင်းဆောင်များ အစည်းအဝေးစိတ်ဓာတ်ကို အကောင်အထည်ဖော်၍ လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် လုပ်ဆောင်မည်”ဟူသောခေါင်းစဉ်ဖြင့် ဧပြီ ၂၆ ရက်က ပေကျင်းမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံ ရေအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် သိပ္ပံနည်းပညာဦးစီးဌာန အကြီးအကဲ ကျင်းဟိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ သံမှူး လီရှင်း၊ နယ်စပ်နှင့် ပင်လယ်ရေးရာဦးစီးဌာန သံမှူး စွန်းလူဆန်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ဒုတိယ သံအမတ်ကြီး ဒေါ်ဇင်မာထွေး၊ သံမှူး ဦးဝင်းမြတ်အောင် စသည့် တရုတ်နိုင်ငံအခြေစိုက်သံတမန်များ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

ထိုသို့ အမှာစကား ပြောကြားရာတွင် လီရှင်းက လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် ကျွန်း ကိုင်းမှီ ကိုင်း ကျွန်းမှီ နေထိုင်လာကြသော အေးအတူ ပူအမျှ အသိုက်အဝန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၈ နှစ်ကြာကာလတွင် ၆ နိုင်ငံအနေဖြင့် “ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးမှု၊ တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းမှု၊ လက်တွေ့ထိရောက်စွာ အကောင်အထည်ဖော်မှု၊ တံခါးဖွင့်လက်ခံမှု” ဟူသော ပူးပေါင်းဆောင်ရွက်ရေး အတွေးအခေါ်ကို လက်ကိုင်ထားပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်နမူနာ”အဖြစ် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း ၇၀၀ ကျော် ဖော်ဆောင်ခဲ့ရာတွင် မြစ်ဝှမ်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူဘဝကောင်းမွန်ရေးအတွက် အားသစ်လောင်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံနှင့်အတူ လန်ချန်းမြစ် တစ်နှစ်ပတ်လုံး ဇလဗေဒ အချက်အလက်များကို မျှဝေပေးခဲ့ပြီး မြစ်ညာရေအရင်းအမြစ်အဆောက်အအုံများက “’ရေပေါများရာနေရာမှ ရေရှားပါးခန်းခြောက်သည့်နေရာများသို့ ဖြည့်စွက်ပေးခြင်း” အခန်းကဏ္ဍတွင် အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံအသီးသီးနှင့်အတူ မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှု စသည့်သဘာဝဘေးအန္တရာယ်များကို အတူတကွ ရင်ဆိုင်ခဲ့ပါကြောင်း၊ “လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ဖြင့် ပြည်သူများ အကျိုးဖြစ်ထွန်းရေးအစီအစဉ်”၊ “လန်ချန်း-မဲခေါင် စိမ့်စမ်းရေလှုပ်ရှားမှုအစီအစဉ်”၊ “ဆည်တာတမံ ကောင်းမွန်မှု အတွေ့အကြုံ” စသည့်စီမံကိန်းများ ပြုလုပ်၍ ဒေသခံပြည်သူ စားဝတ်နေရေး ပိုမို တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

 

ကျင်းဟိုင်က လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် သဘာဝက ပေးသည့် ပူးပေါင်းဆောင်ရွက်မှုအားသာချက်၊ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုအခြေခံ၊ ပြင်းပြသည့် ပူးပေါင်းဆောင်ရွက်မှုဆန္ဒ၊ ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာ ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည်  မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများနှင့်အတူ ရေအရင်းအမြစ် စီမံရေးအတွေးအခေါ်နှင့် အတွေ့အကြုံမျှဝေမှုများကို မြှင့်တင်သွားလိုကြောင်း၊ နည်းပညာဖလှယ်မှု၊ စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု၊ လူရည်ချွန်ပျိုးထောင်မှုများကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားလိုကြောင်း၊ မြစ်ဝှမ်းတစ်လျှောက် ထိန်းသိမ်းစီမံခန့်ခွဲမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ လန်ချန်း-မဲခေါင် ၆ နိုင်ငံ အရည်အသွေးမြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ”စံပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် ရှေ့ပြေးဇုန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် စမ်းသပ်ဇုန်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် ပထမဇုန် တည်ဆောက်ရေးအတွက် နိုင်ငံအသီးသီးပြည်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေရန် ရေအရင်းအမြစ်အသုံးချရေးအင်အားကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံဆိုင်ရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ သံတမန်များကလည်း လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး အားတက်ဖွယ်တိုးတက်မှုကို အထူးကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် မိသားစုတစ်စုတည်း ဖြစ်သည်ဟု ယူဆကြောင်း၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာ ပွင့်လန်းလျက်ရှိကြောင်း၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးစင်တာသည် အရေးကြီးသည့်ပလပ်ဖောင်းအခန်းကဏ္ဍအဖြစ် ပံ့ပိုးလျက်ရှိရာ မြစ်ဝှမ်းတစ်လျှောက် စီမံခန့်ခွဲရေးကဏ္ဍ ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို မျှဝေပြီး စိန်ခေါ်မှုအန္တရာယ်များကို အတူရင်ဆိုင်ကာ  ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုတိုးတက်ခြင်းရှိသည့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းကို တူစုံလက်ညီ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။