“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” ဖြင့် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနား ရန်ကုန်၌ကျင်းပ

CRI, February 27, 2024
Size:

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စီမံကိန်းဖော်ဆောင်သည့်ဘက်၊ လက်ခံသည့်ဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” သည် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက အိမ်နီးချင်းနိုင်ငံများ၌ဖော်ဆောင်သည့် “သေးငယ်သော်လည်း ကောင်းမွန်သည့်” ပြည်သူ့အကျိုးပြုစီမံကိန်းများဖြစ်သည်။ ယခုနှစ်တွင် အဆိုပါစီမံကိန်းသည် ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိလမ်းများ၌ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၄၀ တပ်ဆင်ပေးပြီး အများပြည်သူနေရာများကို ညဘက်တွင် ထွန်းလင်းစေကာ သက်ဆိုင်ရာဌာနမီတာခများ သက်သာစေ၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်ကို တစ်ဆင့်တိုးနက်ရှိုင်းစေမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်ကတည်းက “စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” စီမံကိန်း ၂၄ ခုကို မြန်မာနိုင်ငံ၌ ဖော်ဆောင်ခဲ့ရာ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့်သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့်ပညာရေး စသည့်ကဏ္ဍများစွာပါဝင်သည်။ ၎င်းတို့အနက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးသည် ရန်ကုန် စာသင်ကျောင်းများ၏ အားကစားကွင်းပြုပြင်တည်ဆောက်ခြင်း၊ ရန်ကုန် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်များထွန်းလင်းခြင်းနှင့် မိုခါမုန်တိုင်းအလွန် ပြန်လည်တည်ဆောက်ရေးပစ္စည်းများ လှူဒါန်းခြင်းဟူသည့် စီမံကိန်း ၃ ခု ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း ဖော်ဆောင်ခဲ့သည့် “စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” စီမံကိန်း ၉၂ ခုသည် စုစုပေါင်း နိုင်ငံ ၁၇ နိုင်ငံမှ ရပ်ကွက်ကျေးရွာပေါင်း ၄၈ ခု၊ အခြေခံပညာကျောင်းနှင့် တက္ကသိုလ်ပေါင်း ၁၅၃ ကျောင်းကို အကျိုးဖြစ်ထွန်းစေခဲ့ပြီးဖြစ်ကာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် အကျိုးခံစားရသူလူဦးရေသည် ၂.၆ သန်းရှိပြီဖြစ်သည်။