တတိယကြိမ်မြောက် လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းမြို့တွင် ကျင်းပ

lmcchina.org, September 22, 2023
Size:

တတိယကြိမ်မြောက် လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ် စက်တင်ဘာလ ၁၀ ရက်က ပေကျင်းမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ထျန်ရွှယ်ပင်းသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန သံအမတ်ကြီး ဝမ်ဖူခန်း၊ မြန်မာနိုင်ငံ ပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ လာအို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Chatnet Borata၊  ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန၏ စီမံကိန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Crook Samian၊ ထိုင်းနိုင်ငံ အမျိုးသား ရေအရင်းအမြစ်ရုံး အထွေထွေအတွင်းရေးမှူး Surathri Kidimonton၊ ဗီယက်နမ်နိုင်ငံ အမျိုးသား မဲခေါင်မြစ်ကော်မတီ ညွှန်ကြားရေးမှူးချုပ် Nguyen Thi Thu Linh တို့ကလည်း  အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြသည်။

ဝမ်ဖူခန်းက လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝ အသိအမှတ်ပြုခဲ့ရာ ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် ဦးစားပေးကဏ္ဍတစ်ခု ဖြစ်ရုံသာမက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၏ ထင်ရှားမှုထဲမှသာလွန်ချက်တစ်ခုလည်း ဖြစ်ကြောင်း၊ ၎င်းသည် ဒေသတွင်း စီမံအုပ်ချုပ်ရေး တိုးတက်စေရန် နိုင်ငံခြောက်နိုင်ငံအား “လန်ချန်း-မဲခေါင်ဉာဏ်ပညာ” ကို ပံ့ပိုးခြင်း ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များကလည်း လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများကို တန်ဖိုးထားကြောင်း ပြောကြားခဲ့သလို လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက်ပါဝင်ရန်နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အပြုသဘောဆောင်သော အကြံပြုချက်များကို အဆိုပြုခဲ့ကြသည်။ အခမ်းအနားတွင် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့၊ မဲခေါင်မြစ်ကော်မတီ အတွင်းရေးမှူးအဖွဲ့တို့က လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများကို အသီးသီးမိတ်ဆက်ပြောကြားခဲ့သည်။

ယခုအကြိမ်ဖိုရမ်သည် "ရေထိန်းသိမ်းမှု အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ဒေသတွင်း ရေဖူလုံမှု ရှိစေရေး" ဟူသော ခေါင်းစဥ်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး လန်ချန်း-မဲခေါင်ဒေသရှိ ဆည်မြောင်းနှင့် တာတမံဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ရေလုံခြုံရေး၊ ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များရှိ ရေနှင့် ပတ်သက်သောရည်မှန်းချက် အကောင်အထည်ဖော်ရေး စသည့် အကြောင်းအရာများကို နက်ရှိုင်းစွာ နှီးနှောဖလှယ်ခဲ့ပါသည်။ လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မတီနှင့် မဲခေါင်မြစ်ကော်မရှင် (MRC) ပူးတွဲကော်မတီတို့သည် ပူးတွဲသုတေသနပြုခြင်း၊ သတင်းအချက်အလက်မျှဝေခြင်းပလက်ဖောင်း တည်ဆောက်ခြင်းကဲ့သို့သောယန္တရားများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ရန် အထူးအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် "တတိယကြိမ်မြောက် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အဆိုပြုချက်"ကို ထုတ်ပြန်ခဲ့ပါသည်။ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ အစိုးရဌာနများ၊ သိပ္ပံသုတေသနဌာနများ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများမှ ကျွမ်းကျင်သူများနှင့် မဲခေါင်မြစ်ကော်မရှင် (MRC)  အတွင်းရေးမှူးအဖွဲ့ စသော နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများနှင့် ကိုယ်စားလှယ်များ ၁၂၀ နီးပါးက အဆိုပါဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။