G20 ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏မေးမြန်းမှုကို ဖြေကြား

Yunnan Gateway, August 7, 2023
Size:

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် ဩဂုတ်လ ၂ ရက်နေ့တွင် G20 ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့်ပတ်သက်၍ သတင်းထောက်၏မေးမြန်းမှုကို ဖြေကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

G20 ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးများ ပူးတွဲအစည်းအဝေးကို မကြာသေးမီရက်ပိုင်းက အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ရပ်တည်ချက်သည် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှု ရပ်တန့်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချမှုကို မြှင့်တင်ရေး စသည့် အဓိကကိစ္စရပ်များကို အစည်းအဝေးတွင် တညီတညွတ်တည်း သဘောတူညီမှုရစေရန် အဟန့်အတားဖြစ်စေသည်ဟု အချို့သော အနောက်တိုင်းမီဒီယာများက လူအချို့၏အမြင်ကို ကိုးကား၍ ဖော်ပြကြောင်း၊ ယင်းနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သက်ဆိုင်ရာသတင်းထုတ်ပြန်ချက်များသည် အဖြစ်မှန်နှင့် လုံးဝကွဲလွဲနေကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် G20 ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးများ ပူးတွဲအစည်းအဝေး၌ သဘောတူညီမှုစာရွက်စာတမ်းနှင့် ဥက္ကဌ၏ အနှစ်ချုပ်သုံးသပ်မှုများ ရရှိခဲ့ပြီး အပြုသဘောဆောင်၍ ဟန်ချက်ညီသော ရလဒ်များကို ရရှိခဲ့ကြောင်း၊ သို့သော် နိုင်ငံအချို့က ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပြဿနာများကို အသုံးပြုပြီး အကြောင်းမဲ့ ဝင်ရောက်စွက်ဖက်ခြင်းကြောင့် အစည်းအဝေးတွင် ကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံမှ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါသည်။

G20 ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးများ ပူးတွဲအစည်းအဝေး၏ ရလဒ်စာရွက်စာတမ်းအပေါ် ညှိနှိုင်းဆွေးနွေးမှုတွင် တရုတ်နိုင်ငံသည် ကုလသမဂၢ “ဇီဝမျိုးစုံမျိုးကွဲပဋိညာဉ်စာတမ်း” ၏ (၁၅) ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများညီလာခံ ဥက္ကဌနိုင်ငံ၏ အခန်းကဏ္ဍကို ဖော်ထုတ်၍ ဘက်အသီးသီး၏ အကျိုးစီးပွားများကို ကြိုးပမ်းညှိနှိုင်းပြီး မျှတသော စာသားအကြောင်းအရာများဖြစ်စေရန် တွန်းအားပေးဆောင်ရွက်ကြောင်း၊ လူနှင့် သဘာဝတရား သဟဇာတရှိစွာ အတူရှင်သန်မှု၊ ပြည်သူလူထုဗဟိုပြုမှု စသည့် တရုတ်နိုင်ငံ၏ အယူအဆများကို လက်ဆင့်ကမ်းပြီး အစိမ်းရောင်စီးပွားရေးမူဝါဒများသည် နိုင်ငံတကာကုန်သွယ်မှုအပေါ် မသင့်လျော်သော ခွဲခြားဆက်ဆံမှုများနှင့် ကန့်သတ်မှုများ မဖြစ်သင့်စေရန် တိုက်တွန်းကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါသည်။

ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် ဆက်လက်၍ G20 စသည့်မူဘောင်များအောက်တွင် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ မူဝါဒများ ကူးလူးဖလှယ်မှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံအသီးသီးနှင့်အတူ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ဖြစ်သော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။