ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး မျက်မှောက် စီးပွားရေး အခြေအနေနှင့် စီးပွားရေး လုပ်ငန်းကို လေ့လာသုံးသပ်

CRI, July 24, 2023
Size:

ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် အစည်းအဝေးကို ကျင်းပပြီး မျက်မှောက် စီးပွားရေး အခြေအနေကို လေ့လာသုံးသပ်၍ ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်း၏ စီးပွားရေး လုပ်ငန်းများကို စီမံခန့်ခွဲခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် ယခုနှစ်အတွင်း ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုအဖြစ်ထားသည့် ပါတီဗဟိုကော်မတီ၏ အားကောင်းသော ဦးဆောင်မှုဖြင့် ဒေသ အရပ်ရပ်နှင့် ဌာနအရပ်ရပ်တို့သည် ပြည်တွင်းနှင့် ပြည်ပ အခြေအနေ၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ခြင်းနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးတို့ကို ပိုမို ကောင်းမွန်စွာ ဘက်စုံစီမံခန့်ခွဲခဲ့ကြောင်း၊ အမျိုးသား စီးပွားရေးသည် တစ်ခုလုံး ဆက်တိုက် နာလန်ပြန်ထူလာပြီး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဇောက်ချ မြှင့်တင်၍ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေး ခိုင်ခံ့စွာ တိုးတက်လာပြီး စားနပ် ရိက္ခာနှင့် စွမ်းအင်လုံခြုံမှုကို ထိရောက်စွာ အာမခံပေးနိုင်ခဲ့ကာ လူမှုရေး အခြေအနေ တစ်ခုလုံး ဆက်လက် တည်ငြိမ်ပါကြောင်း၊ ယင်းသည် တစ်နှစ်တာလုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရန်အတွက် ကောင်းမွန်သော အခြေခံ အုတ်မြစ်များ ချထားပေးခဲ့ကြောင်း ဖော်ပြထား ပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်း စီးပွားရေး လုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ရာတွင် တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး ဖြစ်သည့် အထွေထွေ အခြေခံမူကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို ပြည့်စုံ၊ တိကျမှန်ကန်၊ ဘက်စုံ ဖော်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် ဖွဲ့စည်းတည်ထောင်ခြင်းကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို ဘက်စုံ ဇောက်ချ ပြုလုပ်ပြီး မက်ခရို မူဝါဒများ စီမံခန့်ခွဲမှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်း၊ ယုံကြည်ချက် တိုးမြှင့်ခြင်းနှင့် အန္တရာယ် ကြိုတင်ကာကွယ်ခြင်းတို့ကို အားဖြည့် ဖော်ဆောင်ပြီး စီးပွားရေး လည်ပတ်မှု ဆက်တိုက် ပြန်လည် ကောင်းမွန်လာရန်၊ အတွင်းပိုင်း တွန်းအား ဆက်တိုက် ကောင်းမွန်လာရန်၊ လူမှုရေး မျှော်မှန်းချက်များ ဆက်တိုက် ကောင်းမွန်လာရန်၊ အန္တရာယ်များ ဆက်တိုက် ပြေလည်လာရန် အဆက်မပြတ် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွားရေးကို အရည်အသွေးအရ ထိရောက်စွာ တိုးတက်ရန်နှင့် ပမာဏအရ တရားနည်းလမ်းကျစွာ တိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း အစည်းအဝေးတွင် အလေးထား ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။