ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် “သမိုင်းပေး မေးခွန်း”ကို ဖြေကြား

Yunnan Gateway, July 11, 2023
Size:

ယခုလ ၄ရက်နေ့က အီရန် နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တရားဝင် ပါဝင်လာသည်နှင့် အမျှ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံ အရေအတွက်မှာ ၉နိုင်ငံ အထိ တိုးလာပါသည်။ ထိုနေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းတွင် ဗီဒီယို အသွင်ပုံစံဖြင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၂၃ ကြိမ် မြောက် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားပါသည်။

လက်ရှိ ကမ္ဘာတွင် ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု ရောနှောနေပါသည်။ စည်းလုံးညီညွတ်ရေး ရှိမလား(သို့)သွေးကွဲမလား။ ငြိမ်းချမ်းရေး ရှိမလား(သို့) အချင်းပွားမှုများအတွင်း ကျရောက်မလား။ ပူးပေါင်းဆောင်ရွက်မလား(သို့) ခုခံယှဉ်ပြိုင်မလား ဆိုသည်မှာ သမိုင်းပေး မေးခွန်း ထပ်မံ ဖြစ်လာပါသည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးနှင့် ဧရိယာ အကျယ်ဝန်းဆုံးသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဖြစ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် ၄င်းမေးခွန်းကို ဖြေကြားရန် တာဝန် ဝတ္တရား ရှိပါသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ ရင်ဆိုင်နေရသော အခြေအနေသစ်၊ စိန်ခေါ်မှုသစ်နှင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး သမ္မတ ရှီကျင့်ဖိန်သည် အကြံပြုချက် ၅ခုကို တင်ပြခဲ့ပါသည်။ ယင်းအကြံပြုချက် ၅ခုမှာ “မှန်ကန်သော ဦးတည်ချက်ကို စွဲကိုင်ပြီး စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရန်”၊ “ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်း ကာကွယ်ပြီး အတူတကွ လုံခြုံရေးကို အာမခံပေးရန်”၊ “လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ပြီး စီးပွားရေး နာလန်ပြန်ထူရေးကို အရှိန်မြှင့် ဆောင်ရွက်ရန်”၊ “ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် အတုယူမှုကို အားဖြည့်ပြုလုပ်ပြီး ပြည်သူချင်း စိတ်ချင်း ဆက်နွှယ်ခြင်းကို တိုးမြှင့်ရန်”၊ “ဘက်ပေါင်းစုံဝါဒကို လက်တွေ့ဖော်ဆောင်ပြီး ကမ္ဘာ့ စီမံခန့်ခွဲရေးကို ကောင်းမွန်ပြည့်စုံစေရန်” ဖြစ်ပါသည်။ ထို့အပြင်၊ ကမ္ဘာ့ လုံခြုံရေး အဆိုပြုချက်၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် ကမ္ဘာ့ ယဉ်ကျေးမှု အဆိုပြုချက်များကို အကြံပြုချက် ၅ခုနှင့် ရောနှောပေါင်းစပ်ပါမည်။ ယင်း အကြံပြုချက်များသည် ယမန်နှစ်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Samarqand ထိပ်သီး အစည်းအ‌ဝေးတွင် တရုတ်ဘက်မှ တင်ပြခဲ့သော အဆိုပြုချက်နှင့် တိုက်တွန်းချက်များကို နက်ရှိုင်းစေပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထင်ရှားပြတ်သားသော လမ်းကြောင်းပြ မြေပုံကို ရေးဆွဲချမှတ်ပေးပါသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ တိုက်တွန်းစွဲကိုင်ထားသော တန်းတူညီမျှရေး၊ စည်းလုံး ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အားလုံးပါဝင်စေရေး အခြေခံမူများသည် ယနေ့ခေတ် အတွက် အလွန် အရေးကြီးပါသည်။ အဆက်မပြတ် ဖွံ့ဖြိုးကြီးထွားလာသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် အာရှနှင့် ဥရောပ အပါအဝင် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး ထိန်းသိမ်းကာကွယ် ရန် အတွက် ပိုမိုများပြားသော တွန်းအားပေးမှုများကို ဖော်ဆောင်ပေးမည် ဖြစ်ပါသည်။