JD.com မြန်မာထွက်ကုန်ပစ္စည်းအရောင်းပြခန်းကို ယူနန်ပြည်နယ် တာ့လီတွင် ဖွင့်လှစ်ခဲ့

Yunnan Gateway, June 30, 2023
Size:

ဇွန်လ ၂၅ ရက်နေ့တွင် JD.com မြန်မာထွက်ကုန်ပစ္စည်းအရောင်းပြခန်းကို ယူနန်ပြည်နယ် တာ့လီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ တာ့လီရှေးဟောင်းမြို့တွင် ဖွင့်လှစ်ကာ တရုတ်စားသုံးသူများသည် ဤအရောင်းပြခန်းမှတစ်ဆင့် စစ်မှန်သော အရည်အသွေးမြင့် မြန်မာထွက်ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း ယူနန်နေ့စဥ်သတင်းစာမှ သိရပါသည်။

JD.com မြန်မာထွက်ကုန်ပစ္စည်းအရောင်းပြခန်းသည် ယူနန်ပြည်နယ်တွင် လည်ပတ်သော ပထမဆုံးသော JD.com နိုင်ငံခြား ထွက်ကုန်ပစ္စည်းအရောင်းပြခန်းဖြစ်ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ ခွင့်ပြုချက်ဖြင့် ယူနန် Huineng Myanmar Trading Co.,Ltd. မှ လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအရောင်းပြခန်းသည် ဒစ်ဂျစ်တယ်နည်းပညာ၊ ဘက်စုံလမ်းကြောင်းများဖြင့် စျေးကွက်ရှာဖွေရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်စသည့် နယ်ပယ်များတွင် JD.com ၏ အားသာချက်များကို အသုံးချမည်ဖြစ်ပြီး JD.com ၏ "အွန်လိုင်းကုန်တိုက် + အော့ဖ်လိုင်းစတိုးဆိုင်" လည်ပတ်မှုပုံစံမှတစ်ဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို မြှင့်တင်မိတ်ဆက်ပြီး မြန်မာ့ကျောက်မျက်ရတနာ၊ ပင်လယ်စာနှင့် စိုက်ပျိုးရေးထွက်ကုန်များစသည့် အထူးကုန်စည်များကို ရောင်းချလျက်ရှိသည်။

လက်ရှိအချိန်တွင် အဆိုပါအရောင်းပြခန်းသည် အစားအသောက်၊ ဝိုင်၊ လက်ဝတ်ရတနာနှင့် အဝတ်အထည် အပါအဝင် ကုန်ပစ္စည်းအမျိုးပေါင်း ၁၀၀၀ ကျော်ကို ပြသထားသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ အကြီးဆုံး သွင်းကုန်နိုင်ငံနှင့် အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက်တို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ တစ်မူထူးခြားသော တည်နေရာအားသာချက်နှင့် ခိုင်မာသော အုတ်မြစ် ပိုင်ဆိုင်ထားကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သွင်းကုန်နှင့် ပို့ကုန်ကုန်သွယ်မှုပမာဏသည် ယွမ် ၄၉.၄၄ ဘီလီယံဖြစ်ပြီး ယမန်နှစ်ကထက် ၆ % တိုးများလာကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူက ပြောဆိုပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)