တရုတ်-မြန်မာလမ်းကြောင်းသစ် (မြန်မာ-ပေါင်ရှန်းဖူဖြောင်-ချိန်တူး) ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ခြင်းသည် အဘယ့်ကြောင့် အရေးကြီးသနည်း

Yunnan Gateway, June 20, 2023
Size:

ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီ ၁၈ မိနစ်၊ မြန်မာ့သံသတ္တုရိုင်း တန်ချိန်(၁၀၀၀)ကျော် တင်ဆောင်ထားသော ကုန်တွဲသည် ယူနန်ပြည်နယ်၊ ပေါင်ရှန်းမြို့၊ ဖူဖြောင်သယ်ယူပို့ဆောင်ရေးစင်တာ၊ မီးရထားအထူးလမ်းကြောင်းမှ ဖြည်းညင်းစွာ ထွက်ခွာလာပြီး (၂)ရက်အကြာတွင် စီချွမ်ပြည်နယ်၊ ချိန်တူးမြို့၊ ချိန်ရှန်းဘူတာသို့ ဆိုက်ရောက်မည် ဖြစ်ပါသည်။

တရုတ်-မြန်မာလမ်းကြောင်းသစ် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်သည့် ပထမဆုံးရထားတွဲသည် ကွန်တိန်နာ(၃၂)ခုကို တင်ဆောင်ကာ မြန်မာနိုင်ငံ၊ မန္တလေးမှ ထွက်ခွာလာပြီး ကားလမ်းသယ်ယူပို့ဆောင်မှုဖြင့် ထိန်ချုန်း၊ ဟိုချောင်နယ်စပ်ဂိတ်မှ နယ်ဝင်၍ ပေါင်ရှန်းမြို့၊ ဖူဖြောင်သယ်ယူပို့ဆောင်ရေးစင်တာကို ရောက်ရှိပြီးနောက် ရထားလမ်းဖြင့် ချိန်တူးမြို့သို့ ဆက်လက်သယ်ဆောင်ပါသည်။ ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်မှုသည် ကီလိုမီတာ(၂၃၀၀)ကျော်ရှိပြီး သယ်ယူပို့ဆောင်မှုခရီးစဉ်တစ်ခုလုံးသည် ခန့်မှန်းခြေ (၅)ရက်ခန့် ကြာမြင့်ပါသည်။

“ဒါက ဖူဖြောင်ဘူတာရဲ့ ပထမဆုံးသော နိုင်ငံတကာ ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်တဲ့ ရထားတွဲ ဖြစ်ပါတယ်။ ရထားတွဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ထဲမှာ ကျွန်တော်တို့က ရထားတွဲလွတ် ရွေးချယ်တပ်ဆင်မှုကို ကြိုတင်ပြင်ဆင်ထားပြီး အထူးတာဝန်ပေးထားတဲ့သူက လုပ်ငန်းစဉ်တစ်ခုလုံး ပြောင်းလဲတပ်ဆင်မှု လုပ်ငန်းကို ကွပ်ကဲဆောင်ရွက်လို့ ရထားတွဲရဲ့ လုံခြုံရေးနဲ့ အမြန်ဆုံးထွက်ခွာနိုင်ရေးကို အာမခံပေးနိုင်ပါတယ်”ဟု တရုတ် မီးရထား၊ ကူမင်းဦးစီးဌာန၊ ကွမ်းထုံးလမ်းပိုင်း၊ ဖူဖြောင်ဘူတာ၊ ရုံမှူးဝူကွမ်ရှန့်မှ ပြောပါသည်။

တာ့ရွှေလမ်းပိုင်း၊ ဖူဖြောင်ဘူတာသည် ဧပြီလ ၂၆ ရက်နေ့ ကုန်သယ်ပို့မှု စတင်ဆောင်ရွက်သည်မှစ၍ ကုန်စည်ပို့ဆောင်မှုပမာဏသည် ဆက်တိုက်မြင့်တက်လာနေပြီး စုစုပေါင်း ပို့ဆောင်ကုန်စည်ပမာဏသည် တန်ချိန် (၁.၂၈)သိန်းရှိပါသည်။ ဝူကွမ်းရှန့်မှ တရုတ်-မြန်မာလမ်းကြောင်းသစ်၏ အဓိကချက်မနေရာတစ်ခုအဖြစ် ဖူဖြောင်ဘူတာသည် လမ်းကြောင်းသစ်မှ သယ်ဆောင်လာသည့် အရေးပါသည့် အရင်းအမြစ်များ စုစည်းမှုမှ ဖြစ်ပေါ်လာသည့် အကျိုးအမြတ်များအား ကောင်းစွာ အသုံးချပြီး တရုတ်-မြန်မာ နိုင်ငံတကာ ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေးရထားတွဲ ပုံမှန်ပြေးဆွဲနိုင်ရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ပိုမိုများပြားသော ကုန်သွယ်ရေးလမ်းကြောင်းများ တက်ကြွစွာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖူဖြောင် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေးဇုန်သည် လက်ရှိတွင် ကွန်တိန်နာကုန်ပစ္စည်း၊ ရထားတွဲတစ်ခုလုံး ကုန်ပစ္စည်းများ ရောက်ရှိ၊ ပေးပို့ ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းပို့ဆောင်မှု ကိုယ်စားလှယ်၊ ယူဆောင်ပေးပို့ခြင်း၊ ကုန်တင်၊ ကုန်ချ၊ သိုလှောင် စသည့်တို့အား One-Stop Service ဆောင်ရွက်နိုင်ရန် ပြီးပြည့်စုံနေပြီဖြစ်ပါသည်။ “နောက်တစ်ဆင့်အနေနဲ့ ကုမ္ပဏီက ပြည်တွင်းနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက ဈေးကွက်တွေကို ပေါင်းစပ်ပြီး အပြန်အလှန် သယ်ယူပို့ဆောင်ရေးကို တက်ကြွစွာ တိုးချဲ့သွားပြီး တရုတ်-မြန်မာ လမ်းကြောင်းသစ် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ဖို့ အာမခံပေးသွားမှာ ဖြစ်ပါတယ်”ဟု ဖူဖြောင် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေးဇုန် မန်နေဂျင်းဒါရိုက်တာ ကောင်းဖုန့်လင်မှ ပြောကြားခဲ့ပါသည်။

“တရုတ်-မြန်မာလမ်းကြောင်းသစ် (မန္တလေး-ချိန်တူး) မဖွင့်လှစ်ခင်က တရုတ်-မြန်မာကုန်စည်တွေက အများအားဖြင့် ကားလမ်းသယ်ယူပို့ဆောင်မှု ဒါမှမဟုတ် ကားလမ်း-သမုဒ္ဒရာလမ်းကြောင်း ပူးတွဲပို့ဆောင်မှုတွေက တဆင့် ပို့ဆောင်တဲ့အတွက် ရာသီဥတု၊ လမ်းအခြေအနေစတဲ့ မတည်ငြိမ်တဲ့ အကြောင်းအရင်းသက်ရောက်မှုတွေ ရှိနေပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လည်း မြင့်မားပါတယ်” ချိန်တူး နိုင်ငံတကာမီးရထားတွဲ ကုမ္ပဏီလီမိတက် ဒုတိယမန်နေဂျင်းဒါရိုက်တာ လီကျွင့်ဖုန်းမှ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းသစ်ကို ကားလမ်း-မီးရထားလမ်းပူးတွဲပို့ဆောင်ရေးပုံစံအား အသုံးပြုထားကြောင်း၊ အဝင်အထွက် ကုန်ပစ္စည်းများ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကို တိုးမြှင့်စေခဲ့ကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်ကို လျော့ကျစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လမ်းကြောင်းသစ် ဖွင့်လှစ်မှုကို အမှီပြု၍ ချိန်တူး နိုင်ငံတကာ မီးရထားဆိပ်ကမ်းသည် တရုတ်-မြန်မာ နိုင်ငံတကာရထားတွဲ အသွားအပြန်ခရီးစဉ် ပုံမှန်ဖြစ်လာစေရန် တက်ကြွစွာ ဆောင်ရွက်ပြီး ဒေသတွင်းနှင့် သက်ဆိုင်ရာလုပ်ငန်းဆိုင်ရာ ကုန်စည်များ မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ တင်ပို့သွားနိုင်ရန် ထောက်ပံ့မှုပေးသွားမည်ဖြစ်ကာ သွင်းကုန်ထုတ်ကုန်ကုန်သွယ်ရေး လုပ်ငန်းများအတွက် ပိုမိုများပြားသော သယ်ယူပို့ဆောင်ရေး ရွေးချယ်မှုများ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

“တရုတ်-မြန်မာလမ်းကြောင်းသစ်” အပြည့်အစုံခေါ်ဝေါ်မှုမှာ “တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်” ဖြစ်ပြီး ယခုနှစ်ပိုင်းတွင် ပညာရပ်လောကမှ အဆိုပြုခဲ့သည့် သဘောတရားတစ်ခုဖြစ်ပါသည်။ “တရုတ်-မြန်မာ လမ်းကြောင်းသစ်”သည် “သမုဒ္ဒရာပို့ဆောင်ရေး + ကားလမ်း + မီးရထားလမ်း” နည်းလမ်းမျိုးစုံ သယ်ယူပို့ဆောင်ရေးဖြင့် ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှမှ နိုင်ငံအသီးသီး၏ ကုန်စည်များ မြန်မာနိုင်ငံ၊ ရန်ကုန်၊ ကျောက်ဖြူဆိပ်ကမ်းများတွင် ကမ်းတက်ပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှတဆင့် နယ်စပ်ဂိတ်များမှ တရုတ်နိုင်ငံသို့ ဝင်ရောက်ကာ မီးရထားလမ်းသယ်ယူပို့ဆောင်ရေးမှ တရုတ်နိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပါသည်။ ပစိဖိတ်သမုဒ္ဒရာ မလ္လကာရေလက်ကြားမှ ပတ်ကာ သမုဒ္ဒရာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းဆိုသည့် ရှေးယခင်လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်မှုအကွာအဝေးနှင့် သယ်ယူပို့ဆောင်ရေးအချိန်များ လွန်စွာတိုတောင်းခဲ့ပါသည်။ လက်ရှိအချိန်အထိ လမ်းကြောင်းသစ်သည် “ချုံချင့်-လင်ချန်း-မြန်မာ”၊ “ရှန်းကျန့်-လင်ချန်း-ရန်ကုန်-အိန္ဒိယ”စသည့် သမုဒ္ဒရာ-ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး နိုင်ငံတကာလမ်းကြောင်းများကို အောင်မြင်စွာ လည်ပတ်နေပြီဖြစ်ပြီး သမုဒ္ဒရာ-ကားလမ်း-မီးရထားလမ်း၊ ကားလမ်း-မီးရထားလမ်း ပုံစံမျိုးစုံပူးတွဲပို့ဆောင်မှုမှ ကွန်တိန်နာ(၁၀၀၀)ခန့် ပို့ဆောင်ခြင်းအား အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဉ်သတင်းစာ၊ ပေါင်ရှန်းနေ့စဉ်သတင်းစာ၊ တရုတ်နိုင်ငံသတင်းကွန်ယက်။ ဘာသာပြန် - Yunnan gateway)