မြန်မာနိုင်ငံ နိုင်ငံတော် ခေါင်းဆောင် မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း တွေ့ဆုံဆွေးနွေး

Yunnan Gateway, May 6, 2023
Size:

မြန်မာနိုင်ငံ နိုင်ငံတော် ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်သို့ အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် ဧပြီ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေသာ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုများ ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးကို အစဉ်အမြဲ အထူးအလေးထားကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖိန်၏ ၂၀၂၀ ပြည့်နှစ် သမိုင်းဝင် မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ် ရလဒ်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ကာ တရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်းကို အတူတည်ဆောက်သွားလိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)တို့ကို ဦးစွာ ဖော်ဆောင်ပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးအား ရှေ့သို့ တည်ငြိမ်စွာ လျှောက်လှမ်းမှုအား တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။

ချင်ကန်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေ တည်ငြိမ်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ရင်းစေတနာအမှန်ဖြင့် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံအခြေအနေဖြင့် လျော်ညီသော မြန်မာ့ဝိသေသလက္ခဏာရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အား ရှာဖွေမှုကို ထောက်ခံကြောင်း၊ နိုင်ငံရေးအသွင်ပြောင်းမှုဖြစ်စဉ်အား ဆက်လက်တွန်းအားပေးနေခြင်းကို ထောက်ခံသလို မြန်မာနိုင်ငံ သက်ဆိုင်ရာအသီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဥပဒေမူဘောင်အောက်တွင် ကွဲလွဲမှုများကို ကောင်းမွန်စွာ ဖြေရှင်း၍ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို လေးစား၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားသင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှ ဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့်တွန်းအားပေးကာ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူ့အကျိုးပြုစီမံကိန်းများကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်မှု၊ သက်ဆိုင်ရာအရေးကိစ္စများအား ညှိနှိုင်းဖြေရှင်းမှု တို့ကို ထောက်ခံအားပေးကြောင်း၊ ယင်းနှစ်နိုင်ငံနှင့်အတူ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော် ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာကာလတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်ရေးအလားအလာကို အစဉ်အမြဲ ထိန်းသိမ်းထားခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဆင့်တိုးမြှင့်တင်၍ မြန်မာ-တရုတ် အေးအတူ ပူအမျှအသိုက်အဝန်းအား တက်ကြွစွာ တည်ဆောက်သွားလိုကြောင်း ၊ မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန်ကျစွာ ရပ်တည်မှုကို မြန်မာနိုင်ငံအနေဖြင့် တန်ဖိုးထားရာ ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သွားရန် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများနှင့်ဌာနဆိုင်ရာများ၏လုံခြုံရေး ကာကွယ်မှုကို အထူးအလေးထားရာ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလည်အပတ်ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဦးသန်းရွှေ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)