တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တွေ့ဆုံဆွေးနွေး

Yunnan Gateway, May 5, 2023
Size:

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နေပြည်တော်တွင် မေ ၂ ရက်က တွေ့ဆုံဆွေးနွေး ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး ဆွေမျိုးပေါက်ဖော် သံယောဇဉ် နက်ရှိုင်းမှုရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်၏ ၂၀၂၀ ပြည့်နှစ် သမိုင်းဝင် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်သည် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ ခေတ်သစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ အိမ်နီးချင်းကောင်းဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အမြဲရှုမြင်ပြီး မြန်မာနိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်၌ ရရှိခဲ့သော အဓိကရလဒ်များကို ဖော်ဆောင်၍ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို အဆက်မပြတ် ရှေ့သို့ တိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူခြင်း ဖြစ်ကြောင်း ချင်ကန်းက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားသလို မြန်မာနိုင်ငံ၏ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ခြင်းကို အခိုင်အမာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ မိမိနိုင်ငံအခြေအနေဖြင့် လျော်ညီသည့် မြန်မာ့ဝိသေသလက္ခဏာရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အား ရှာဖွေခြင်း၊ နိုင်ငံရေးအသွင်ပြောင်းမှုဖြစ်စဉ်ကို တည်ငြိမ်လျောက်ပတ်စွာ တွန်းအားပေးနေခြင်းကို ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချင်ကန်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ဌာနအသီးသီး ဒေသအသီးသီးနှင့် ဆွေးနွေးညှိနှိုင်းဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ပြီး နှစ်နိုင်ငံ စိုက်ပျိုးရေး၊ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုကြောင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းအား ပင်မထားကာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အကူအညီပေးသည့် အဓိကစီမံကိန်းများကို ကောင်းမွန်စွာ ဖော်ဆောင်ပြီး မြန်မာနိုင်ငံ၏လူမှုဘဝပြည့်စုံကောင်းမွန်ရေး ကြိုးပမ်းမှုကို အပြုသဘော ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ လူမှုယဉ်ကျေးမှု ကူးလူးဆက်ဆံရေး၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးနှင့် ဘာသာရေးဖလှယ်မှုများအား နက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်အတူ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံတည်ဆောက်မှုတွင် မြင်တွေ့နိုင်သော ရလဒ်ကောင်းများ ရရှိရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာ-တရုတ် ချစ်ကြည်ရေးသမိုင်းကြောင်းမှာ ရှည်လျားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကြောင်း ၊ တရုတ်နိုင်ငံမှ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)တို့ကို ထောက်ခံအားပေးသလို တရုတ်နိုင်ငံ၏ပင်မအကျိုးစီးပွားနှင့်စပ်လျဉ်းသောကိစ္စရပ်များတွင် တရုတ်နိုင်ငံကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ အပြန်အလှန်ချိတ်ဆက်မှု စသည့်ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတွင် အထင်ကရ စီမံကိန်းတည်ဆောက်မှုများကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ပြည်သူ့အကျိုးပြုစီမံကိန်းများကို ဖော်ဆောင်ရန် အလွန်မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးကို အတူ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့်အတူ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံတည်ဆောက်မှုကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဦးသန်းဆွေက ပြောကြားခဲ့သည်။ (Xinhua)