တရုတ်အကောက်ခွန်ဌာနသည် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ကြံများအား လုံခြုံချောမွေ့စွာ အကောက်ခွန်ရှင်းလင်းနိုင်ရေး အာမခံပေးနေ

Yunnan Gateway, April 12, 2023
Size:

ယခုရက်ပိုင်းတွင် ရွှေလီအကောက်ခွန်ဌာနသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ကြံများကို နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးလုပ်ငန်း အောင်မြင်စွာ ဖြစ်မြောက်ခဲ့ကြောင်း ကူမင်း အကောက်ခွန်ဌာနမှ သတင်းအရ သိရပါသည်။

ကြံစိုက်ပျိုးရေးသည် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိက စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ယူနန် တယ်ဟုန် ရင်မောက်သကြားထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် သည် နိုင်ငံရပ်ခြားတွင် ကြံစိုက်စခန်းများ တည်ဆောက်လာခဲ့သည်။ “အကောက်ခွန်ဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ ဒီနှစ်မှာ ကျွန်တော်တို့ကြံတင်သွင်းမှုက အရင်ရာသီကထက် တန်ချိန် ၄၄,၀၀၀ ပိုများလာတယ်။ ကျွန်တော်တို့ ကုမ္ပဏီက အမြတ်ငွေ ပိုမိုရရှိလာတာနဲ့အတူ ကြံစိုက်တောင်သူတွေရဲ့ ဝင်ငွေကလည်း တိုးများလာပါတယ်။ ကြံစိုက်ပျိုးရေးလုပ်ငန်းရဲ့ "ချိုမြိန်ခြင်း"ကို လူတိုင်းက ခံစားနိုင်ကြပါတယ်”ဟု ယူနန် တယ်ဟုန် ရင်မောက်သကြားထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် ၏ ရွှေလီ သကြားစက်ရုံမှ တာဝန်ခံက ပြောကြားပါသည်။

“ဒီရာသီမှာ ပြည်ပမှ တင်သွင်းလာတဲ့ ကြံ တစ်နေ့ကို ပျမ်းမျှ ၁,၁၇၈ တန် ကျွန်တော်တို့ စစ်ဆေးကြရပါတယ်။ တစ်ရက်အတွင်း အများဆုံး စစ်ဆေးမှုပမာဏမှာ ၂,၅၈၇ တန် ရှိပါတယ်။ စုစုပေါင်း စစ်ဆေးမှုပမာဏမှာ တန်ချိန် ၇၉,၀၀၀ အထိ ရှိပါတယ်”ဟု ရွှေလီအကောက်ခွန်ဌာန နုံတောင်းရုံးခွဲမှ တာဝန်ရှိသူက ပြောကြားပါသည်။ လက်ရှိ ကြံ ရိတ်သိမ်းရာသီစတင်ပြီးနောက်၊ ကျွန်တော်တို့အကောက်ခွန်ဌာနသည် ကြံတင်သွင်းမှု အကောက်ခွန်ရှင်းလင်းရေး ဝန်ဆောင်မှုအာမခံအဖွဲ့ကို ဖွဲ့စည်းကာ အစိမ်းရောင်လမ်းကြောင်းများကို အထူး ဖွင့်လှစ်ကာ စစ်ဆေးရေးလုပ်ငန်းစဉ်နှင့် အခြားနည်းလမ်းများကို အဆင်ပြေဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် အကောက်ခွန်ရှင်းလင်းရေးအချိန်ကို တိုစေခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ ။ ဘာသာပြန် - Yunnan gateway)