အစဉ်အလာမပျက် ဆက်လက်ချစ်ကြည် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်မည် ရဲဘော်+ညီနောင် ။ ။ ယူနန်-ဗီယက်နမ် နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်နက်ရှိုင်းရေး

Yunnan Gateway, April 7, 2023
Size:

မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ၊ ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး ဝမ်နင်းသည် အဖွဲ့ဝင်များကို ဦးဆောင်၍ ဗီယက်နမ်၊ လာအို၊ မြန်မာ သုံးနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီးစီးပြီးနောက်ပိုင်း ယူနန်ပြည်နယ် အကြီးအကဲက အိမ်နီးချင်းသုံးနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ် ဖြစ်သည်။

ယူနန်ပြည်နယ်သည် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံတို့နှင့် တောတောင်ရေမြေ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ယဉ်ကျေးမှုချင်း နီးစပ်ကာ သမိုင်းကြောင်းရှည်ကြာသော ချစ်ကြည်ရေး အစဉ်အလာ ရှိသဖြင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများ အမြောက်အမြား ရှိနေသည်။

ဆက်လက်၍ ယခုတစ်ကြိမ် ခရီးစဉ်၏ အဓိက အကြောင်းအရာများနှင့် ယူနန်နှင့် အိမ်နီးချင်းနိုင်ငံများ၏ “တစ်ခရီးတည်း အတူသွား၊ တစ်ရေတည်း အတူသောက်၊ တစ်ဈေးတည်းတွင် အတူရောင်းဝယ်ဖောက်ကား”ကြသည့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုတို့ကို အတူလေ့လာကြပါမည်။ ရှေးဦးစွာ ဗီယက်နမ်အကြောင်းကို လေ့လာကြပါမည်။

နိုင်ငံရေးရာကိစ္စများ အတူဆွေးနွေးတိုင်ပင်

ဗီယက်နမ်သို့ ရောက်ရှိစဉ် ဝမ်နင်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင် (Nguyen Phu Trong)နှင့် ဝန်ကြီးချုပ် ဖန်မင်းချင်း (Pham Minh Chinh) တို့အား သွားရောက်တွေ့ဆုံခဲ့ပြီး၊ တရုတ်-ဗီယက်နမ် နှစ်ပါတီ၊ နှစ်နိုင်ငံတို့မှ အမြင့်ဆုံးခေါင်းဆောင်တို့၏ အရေးကြီး ဘုံနားလည်မှုများကို အကောင်အထည်ဖော်ဆောင်ရေးနှင့် “တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နက်ရှိုင်းရေးဆိုင်ရာ ပူးတွဲကြေညာချက်”ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်၍ ယူနန်နှင့် ဗီယက်နမ်၏ ဘက်စုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ဝမ်နင်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြင်ပဆက်ဆံရေးကော်မရှင် အကြီးအကဲ လီဟွိုက်တျုန်း (Le Hoai Trung) ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဘွီထန်ဆွန်(Bui Thanh Son) စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟုန်ဒျန်း (Nguyen Hong Dien) ပို့ဆောင်ရေးဝန်ကြီး ငုယင်ဗန်ထန် (Nguyen Van Thang) ဟာဂျန်း (Ha Giang)၊ လောက်ကိုင်း (Lao Cai)၊ လိုက်ကျိုး (Lai Chau)၊ ဒျန်ဗျန်း (Dien Bien) ပြည်နယ်တို့၏ ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးများတို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ဗီယက်နမ်နိုင်ငံ ဟာဂျန်းပြည်နယ်တွင် ဝမ်နင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံ ဟာဂျန်း၊ လောက်ကိုင်း၊ လိုက်ကျိုး၊ ဒျန်ဗျန်းပြည်နယ်တို့၏ ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးများ နှစ်စဉ်တွေ့ဆုံမှုအစီအစဉ်၏ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အခွင့်အလမ်းများ အတူမျှဝေခံစား

တောတောင်ရေမြေ နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ၌ ဟနွိုင်းရထားလမ်း အမှတ်(၂)လိုင်းပေါ်တွင် ရထားကြီးသည် အရှိန်အဟုန်နှင့် မောင်းနှင်သွားနေ၏။ အဆိုပါ တရုတ်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးခဲ့သည့် ရထားလမ်းမှာ တရုတ်နိုင်ငံ၏ “the Belt and Road”စီမံကိန်းအရ ဗီယက်နမ်နိုင်ငံနှင့် “စင်္ကြံနှစ်ခု၊ အဝန်းအဝိုင်းတစ်ခု”မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို ကိုယ်စားပြုသည့် စီမံကိန်းဖြစ်ပြီး တရုတ်-ဗီယက်နမ် နှစ်ပါတီ၊ နှစ်နိုင်ငံ၏ “ရဲဘော်+ညီနောင်”ချစ်ကြည်ရေး နက်ရှိုင်းမှုကို သက်သေခံလျက် ရှိလေသည်။ တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာအဆင့်အတန်းကို ကိုယ်စားပြုသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဗီယက်နမ်၌ ယခုထက်မက ပိုမို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ပါကြောင်း၊ တရုတ်-ဗီယက်နမ် “ရဲဘော်+ညီနောင်”ချစ်ကြည်မှု အစဉ်မပြတ် တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းလိုပါကြောင်း ဗီယက်နမ်ဘက်က အကြိမ်ကြိမ် ပြောကြားခဲ့သည်။

ယခုနှစ်များတွင် ယူနန်သည် ဗီယက်နမ်နှင့် ကုန်သွယ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မပြတ် တိုးမြှင့်လာခဲ့သည်။ ယူနန်ပြည်နယ်အစိုးရနှင့် ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနတို့သည်“ကုန်သွယ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုးခဲ့သည်။ ဟော်ခို နယ်စပ်ဂိတ် ပေဆန်း အပြည်ပြည်ဆိုင်ရာ အအေးထိန်း ထောက်ပံ့မှုကွင်းဆက် (cold chain) ထောက်ပံ့ပို့ဆောင်မှု ဥယျာဉ် စတင်တည်ဆောက်သည်။ တရုတ်-အာဆီယံ(ဟော်ခို) နယ်စပ်ဖြတ်ကျော် အီးကော်မာ့စ် ထောက်ပံ့ပို့ဆောင်မှု ဥယျာဉ် (ဒုတိယအဆင့်) အကောက်ခွန်ရှင်းလင်းရေးစင်တာ စတင်ဖွင့်လှစ်ဆောင်ရွက်သည်။

အပြန်အလှန်ချိတ်ဆက်

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ၏ ရထားပို့ဆောင်ရေး၊ အကောက်ခွန် စသည့် ဌာနများနှင့် ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှုကို ရထားခရီးစဉ်ပုံစံအနေဖြင့် ပထမဆုံးအကြိမ် အကောင်အထည်ဖော်ဆောင်သည်။ လက်ရှိအချိန်အထိ တရုတ်-ဗီယက်နမ် အပြည်ပြည်ဆိုင်ရာ ပေါင်းစပ်ပို့ဆောင်မှု ရထားခရီးစဉ် စုစုပေါင်း ၁၃၅၁၀ ကြိမ်၊ ကုန်အလေးချိန်စုစုပေါင်း ၄၁.၁၅၉ တန် ရှိပြီဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် ယူနန်ပြည်နယ် ဟုန်ဟော် ဟားနီနှင့်ယီ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲက ပထမဦးဆုံး မှာယူသည့် “၉၈၁၀”ကုန်စည်ကို ဟော်ခိုနယ်စပ်ဂိတ်မှ ပြည်ပ သိုလှောင်ရုံသို့ တင်ပို့သည်။ ၎င်းမှာ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင်ကြီးများ၏ တွေ့ဆုံဆွေးနွေးမှု ရလဒ်ကို ဟုန်ဟော်ပြည်နယ်ခွဲနှင့် ဗီယက်နမ်နိုင်ငံ လောက်ကိုင်းပြည်နယ်တို့က အသေးစိတ် အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဟော်ခိုနယ်စပ်ဂိတ်သည် ယာဉ်မောင်း“တိုက်ရိုက် ” လုပ်ငန်းစဉ်ကို တရားဝင် ပြန်လည်စတင်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တရုတ်-ဗီယက်နမ်နယ်စပ် ယူနန်အပိုင်း၏ အကြီးဆုံး နယ်စပ်ဂိတ်ဖြစ်သည့် ဟော်ခိုနယ်စပ်ဂိတ် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ အလုံးစုံ ပြန်လည်စတင်သည်။

တိုးတက်ဖွံ့ဖြိုးရေးအတွက် အတူဆွေးနွေးတိုင်ပင်

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက်နှင့် ဆဋ္ဌမအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်-ဗီယက်နမ် နှစ်ဖက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇၅.၅ ဘီလျံ အထိ ရှိခဲ့သည်။ဗီယက်နမ် ဒူးရင်းသီး အပါအဝင် သစ်သီး ၁၁ မျိုး တရုတ်ဈေးကွက်တွင်းသို့ တင်သွင်းခွင့် ရရှိခဲ့၍ တရုတ်စားသုံးသူများ၏ ကြိုဆိုမှုကို ရရှိခဲ့ပြီးဗီယက်နမ် တောင်သူများအတွက် အမှန်အကန် အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးလာခဲ့သည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်းတရုတ်-ဗီယက်နမ် အပြန်အလှန်ကူညီစောင့်ရှောက်၍ တစ်လှေတည်းစီး တစ်ခရီးတည်း အတူသွားခဲ့ကြသည်။

ယခုတစ်ကြိမ် ခရီးစဉ်အတွင်း ယူနန်နှင့်ဗီယက်နမ် နှစ်ဖက်စလုံးသည် ဒေသပါတီချင်း ကူးလူးဆက်ဆံရေး၊ ဝန်ထမ်းလေ့ကျင့်ရေး၊ စိုက်ပျိုးရေး၊ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် တညီတညွတ်တည်း ပြောကြားခဲ့ကြသည်။

ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံ ဟာဂျန်း၊ လောက်ကိုင်း၊ လိုက်ကျိုး၊ ဒျန်ဗျန်း ပြည်နယ်တို့သည် “တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံ ဟာဂျန်း၊ လောက်ကိုင်း၊ လိုက်ကျိုး၊ ဒျန်ဗျန်း ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးများ နှစ်စဉ်တွေ့ဆုံမှုအစီအစဉ် တတိယအကြိမ် အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်”၊ “တရုတ်-ဗီယက်နမ် ပြည်နယ်ငါးပြည်နယ် စဉ်ဆက်မပြတ် ဆင်းရဲမှုလျှော့ချရေး စံပြပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅)”တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနနှင့် ဗီယက်နမ်နိုင်ငံ ဘတ်ဂျန်းပြည်နယ် စက်မှုနှင့်ကုန်သွယ်ရေးဌာနတို့သည် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ချစ်ကြည်ရေး အတူဆွေးနွေး၊ ပူးပေါင်းဆောင်ရွက်ရေး အတူတိုင်ပင်ကြပါသည်။ ယခုတစ်ကြိမ် ခရီးစဉ်က တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမို နက်ရှိုင်းလာစေမည် ဖြစ်သည်။ ယူနန်ပြည်နယ် ပါဝင်ဆောင်ရွက်မှုဖြင့် တရုတ်-ဗီယက်နမ် “ရဲဘော်+ညီနောင်” ချစ်ကြည်ရေးသမိုင်းစာမျက်နှာသစ်များကို ဆက်၍ ရေးသွားကြမည် ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)